Friday, May 15, 2009

နေကြပ်တဲ့နေ့မှာ ရပ်သွားတဲ့ ကမ္ဘာ


(၁)

ကျမတို့ ရိုးရားဓလေ့တွေထဲမှာ ချစ်စရာကောင်းတဲ့၊ လှပတဲ့ ဓလေ့တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အလွန်ကို ခေတ်နောက်ကျတဲ့ ဒီခေတ်မှာ ဘယ်လိုမှကို မရှိသင့်တော့တဲ့ ဓလေ့တွေလည်း အများကြီးပဲ။ အဲဒါတွေထဲက တချို့ကို ကျမ ပြောပါရစေ။ ကျမတို့ ရိုးရာဓလေ့တွေကို စော်ကားပြောဆိုတာ၊ ကဲ့ရဲ့ ရှုတ်ချတာမျိုး မဟုတ်ပါဘူး။ ကျမတို့ အမျိုးသမီးတွေကို ဘယ်လို ပုံစံခွက်ထဲမှာ မွန်းကြပ်နေအောင် ထည့်သွင်းထားပါသလဲဆိုတာကို ချည်းကပ်ကြည့်တဲ့ သဘောပါ။


ကျမတို့ တောင်ပေါ်ဒေသဆိုတာ အရမ်းလည်း သာယာလှပသလို၊ အရမ်းလည်း ရင်းနှီးပွင့်လင်းပြီး တအိမ်နဲ့တအိမ် ညီအစ်ကို မောင်နှမအရင်းအချာတွေလို နေတတ်ကြတာပါ။ တောင်ပေါ်သားချင်း တူညီပေမယ့် မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေတော့ အမှန်ရှိပါတယ်။ ကျမ ကြုံတွေ့နေရတဲ့ ယဉ်ကျေးမှုတချို့ကို ဖလှယ်ပြချင်ပါတယ်။

ကြည်နူးစရာကောင်းလှတဲ့ တောင်ပေါ်ရွာကလေးရဲ့ ရိုးသားဖြူစင်တဲ့ တောင်ပေါ်သူ တောင်ပေါ်သားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေထဲမှာ ကျမတို့ မိန်းမသားတွေအတွက် နစ်နာမှုတစုံတရာရှိလားလို့ မေးရင် ရှိတယ်လို့ ကျမရိုးသားစွာပဲ ၀န်ခံကြရမှာပါ။ ကျမရဲ့ ဒီပြောဆုချက်ကို ဖြူစင်တဲ့ တောင်ပေါ်သူ တောင်ပေါ်သားလေးတွေက နားလည်ပေးနိုင်ပါ့မလား။ သူတို့ နားလည်အောင် ကျမ အစွမ်းကုန် ကြိုးစားပေးရဦးမယ်လို့ ကျမသိနေပါတယ်။


(၂)

ကျမတို့ တောင်ပေါ်ရွာကလေးမှာ မိန်းမသားများကို ဘယ်အဆင့်မှာ ထားသလဲဆိုတာကို ပြောပြချင်ပါတယ်။ မိန်းမသားတွေက အပျိုဖော်ဝင်စဖြစ်လာပြီဆိုတာနဲ့ အိမ်မှုကိစ္စတွေ နိုင်နင်းရမယ်။ မနက်စောစော (၃)နာရီလောက်ဆို ထမင်းဟင်းထချက်တာ၊ အိမ်အတွက် သုံးရေ၊ သောက်ရေခပ်ရတာ၊ အိမ်ကရှိသမျှ အစ်ကိုတွေ အဖေတွေရဲ့ အ၀တ်အစားတွေ လျှော်ဖွတ်ရတာ စသည့်ဖြင့် မိုးမလင်းခင်ကတည်းက အလုပ်တွေ ထလုပ်ကြရပါတယ်။ လက်ဖက်ခြံကို မသွားခင် မိန်းကလေးတွေက ယောက်ျားတွေရဲ့ ဝေယျာဝစ္စ မှန်သမျှ အကုန်လုံး လုပ်ပေးရပါတယ်။ လက်ဖက်သွားပြီး ခူးရတဲ့သူချင်း အတူတူ ယောက်ျားလေးတွေရဲ့ ထမင်းချိုင့်ကအစ ပြင်ပေးရတယ်။ ယောက်ျားတွေဆိုတာ မိုးလင်းမှ ထကြတယ်။ အလုပ်တွေဟာ သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ သဘောထားကြတဲ့ ပုံပဲ။


ခေတ်ဆိုးစနစ်ဆိုးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေလို့ ပြောရင် ရနိုင်ပါတယ်။ ကျမတို့ တောင်ပေါ်မှာ တချို့ရွာတွေဆိုရင် ပညာတတ် မရှိသလောက်ပဲ။ ပညာရေးကို အားပေးရမယ်ဆိုတဲ့ အသိလည်း မရှိဘူး။ ပညာရေးရဲ့ အရေးကြီးမှုကိုလည်း သူတို့နားမလည်နိုင်ကြရှာဘူး။ အဲဒီကျတော့ အလုပ်ကြမ်းလုပ်နိုင်ခြင်းဟာ အရည်အချင်းတရပ်ဖြစ်လာတယ်။ အလုပ်ကြမ်းလုပ်နိုင်တဲ့ မိန်းမသားကို အထင်ကြီးတတ်ကြတယ်။ အလုပ်ကြမ်းလုပ်နိုင်ရင် ချွေးမတော်ဖို့ မျက်စိကျကြတယ်ဆိုတာမျိုးပါ။ အလုပ်ကြမ်းတခုထဲတော့ မဟုတ်ပါဘူးပေါ့နော်။ သတ်မှတ်ထားတဲ့ မိန်းမသားတယောက်ရဲ့ စံချိန်စံညွန်းနဲ့တော့ ကိုက်ညီရမှာပေါ့။ ဘာသာတရား ကိုင်းရှိုင်းရမယ်ဆိုတာလည်း ပါတယ်။


ညဆိုရင် အပြင်မထွက်တာ ဗီဒီယိုသိပ်မကြည့်တာ အိမ်ထဲမှာ ဗိုင်းကောင်းကျောက်ဖိနေတာ စတာတွေဟာ သူတို့ အမြင်အရဆိုရင် မိန်းမကောင်းလေးပေါ့။ မိန်းကလေးတွေ အဲဒီလိုနေမှ လူတွေ လေးစားချင်ကြတယ်။ မိန်းမသား ပီသတယ်လို့ ဆိုကြတယ်။ အိမ်မှုကိစ္စ ထိန်းသိမ်းနိုင်တယ်လို့ ခေါ်တယ်။ လူတွေကလည်း ချွေးမတော်ချင်ကြတယ်။


တကယ်လို့သာ မိန်းမသားတွေက ဒီအရည်အချင်းတွေ မပြည့်စုံဘူးဆိုရင် သူတို့တွေကို ဘယ်သူမှ မလေးစားချင်သလို ဘယ်သူမှ သူတို့ကို အထင်ကြီးချင်တာ မဟုတ်ဘူး။ ဘေးဖယ်ခံရတတ်သလို လူတွေ အထင်သေးခြင်းကို ခံရတတ်တယ်။ ချမ်းသာရင်တော့ သိပ်ပြဿ မရှိလှပေမယ့် ဆင်းရဲရင်တော့ လူတွေရဲ့ အကဲ့ရဲ့ခံရဖို့သာ ပြင်ထားပေးတော့။ ဆင်းကလည်း ဆင်းရဲ၊ အကျင့်ကလည်း မကောင်း၊ ပျင်းကလည်း ပျင်းစသည့်ဖြင့် မိန်းမပေါ့ မိန်းမပျက်တယောလို အပြစ်ပြောကြတော့တာပဲ။


(၃)

ကျမစဉ်းစားကြည့်တယ်။ ကျမတို့ ပလောင်မှာမှ ကျမတို့တောင်ပေါ်မှာမှ ဒီကိစ္စတွေ ထူးခြားပြီး ဖြစ်နေတာလိုးဆိုတာကိုပါ။ ကျမ လေ့လာမိသလောတော့ ခေတ်နောက်ကျတဲ ဒေသတော်တော်များများမှာ လူမျိုးတော်တော်များများမှာ ဒီအကျင့်စရိုက်တွေဟာ ရောဂါတခုလို သည်းသည်းသန်သန်ကို ကူးစက်ပျံ့နှံ့နေတာပါ။

ကျမတို့ ပလောင်ဒေသနဲ့ တထပ်တည်းတူတဲ့ စကားပုံတွေရှိတယ်။


ဥပမာ မိန်းမတက် ပြည်ပျက်၊ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်၊ မယားနဲ့နွား မသနားရ၊ မယားနေစ ကြောင်သေမှစတဲ့ မိန်းမတွေကို နှိမ်ထားတဲ့ စကားပုံတွေလိုမျိုးပေါ့။


နောက်တခုက ယောကျာ်းယူတော့မယ်ဆိုရင် တောင်ပေါ်ရွာရဲ့ ချွေးမဖြစ်ရတာ တကယ်ကို မသက်မသာ ဖြစ်ရပါတယ်။ ကိုယ့်ရဲ့ ရိုးရာကို မကောင်းပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မမေးနိုင်အောင်ကို ပညာပေးခံကြရတာပါ။


တောင်ပေါ်မှာ မင်္ဂလာဆောင်ပြီးလိုက်တာနဲ့ အလုပ်ကတော့ စလာပါပြီ။ မယားနဲ့နွား မသနားရဆိုရိုးစကားဟာ ယောက်ျားတွေရဲ့ လုပ်ငန်းလမ်းညွန်လို တကယ်ဖြစ်ရတော့တာပါပဲ။ ချွေးမဆိုတာ ချွေးထွက်အောင်ကို အလုပ်တွေ မနားတမ်းရှာကြံပြီး လုပ်ရတဲ့ မိန်းမလေးပေါ့။ ဗမာတွေမှာဆိုရင် ယောက်ျားတွေက အပြင်ထွက်ပြီး အလုပ်လုပ်၊ မိန်းကလေးတွေက အိမ်မှု ကိစ္စကိုပဲ နိုင်အောင် စီစဉ်ဆိုတာမျိုး ကြားဖူးတယ်။ ကျမတိုဆီကျတော့ ဒါမျိုးမရတော့ဘူး။ နှစ်ယောက်စလုံး အလုပ်လုပ်ရတယ်။ အထူးသဖြင့် အမျိုးသမီးတွေက ပိုလုပ်ရတယ်။ ကိုယ့်ကို တင်တောင်းထားသလောက် ကိုယ်က ပြန်ဆပ်ရတဲ့ သဘောမျိုးကို လုပ်ရတာပါ။


သူများချွေးမဖြစ်ပြီဆိုတော့ သူများစည်းကမ်းက ထပ်ရှိလာပြန်တယ်။ အပျိုတုန်းကလို လွတ်လွတ်လပ်လပ် မရှိနိုင်တော့ဘူး။ အပျိုတုန်းကရော လွတ်လပ်မှု ဘယ်လောက်ရှိလို့လဲလို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ မရှိသလောက်ပါဘဲ။ ဒါပေမယ့် သူများအိမ်ထက်စာရင်တော့ ကိုယ့်အိမ်က တော်သေးတာပေါ့။ အိမ်ထောင်ကျပြီဆိုတာနဲ့ ကိုယ့်မိဘအိမ်တောင် လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး။ ကိုယ်လုပ်ချင်သလို လုပ်လို့မရတော့ဘူး။ ယောက်ျားရဲ့ ဦးဆောင်မှု အောက်မှာပဲ နေရတော့တာပါ။ ဒါမှမဟုတ်ရင် သူရဲ့ အဖေဦးဆောင်မှုအောက်မှာ နေရပါတယ်။ ချွေးမက ဘယ်လောက်ပဲတော်ပြီး ဦးစီးနိုင်ပါစေ၊ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့ သဘောပါပဲ။ ဦးဆောင်ခွင့်ကို ဘယ်လိုမှ မရရှိနိုင်ပါဘူး။ ယောက္ခမကို ပြန်ပြောလို့ မရဘူး။ မှားမှားမှန်မှန် ပြန်ပြောမိတဲ့ သူဆိုရင် အာခံတဲ့သူ ယောက္ခမကို မလေးစားတဲ့သူ၊ မိဘ ဆိုဆိုးမမှု မရှိတဲ့သူလို့ သတ်မှတ်ခံကြရတော့တာပါ။ ယောက္ခမ တာဝန်ကို ကျေပွန်ရလသို လင်ယောကျာ်းရဲ့ ၀တ္တရားကိုလည်း ကျေပွန်ကြရပါတယ်။ သားသမီး ရလာပြီဆိုရင် အထူးသဖြင့် သား ယောက်ျားလေးကို ဦးစားပေးရပြန်တယ်။ လင်ကို ဘုရား သားကို သခင်ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။


(၄)

သာမန်အချိန်မှာ အလုပ်ကို ကျေပွန်ရတာတော့ ဟုတ်ပါပြီ။
ကိုယ်ဝန်ဆောင်လာရတဲ့အချိန် ဘယ်လိုအနေအထားရှိမလဲ။ ပိုတောင်ဆိုးသေးတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် ကျမတို့ဆီမှာ ကိုယ်ဝန်ဆောင်ရင်လည်း အလုပ်လုပ်ရတယ်။ ကိုယ်ဝန်ရင့်ပြီး နေ့စေ့လစေ့ ဖြစ်လာပြီဆိုရင်တောင် အလုပ်က မနားရဘူး။ မြို့မှာဆိုရင် ကျမ ကြားဖူးတာက ကိုယ်ဝန်ဆောင်သည်တွေနဲ့ ပတ်သက်ပြီး ခွင့်တွေရှိတယ်။ အားရက် နားရက်တွေရှိတယ်။ အစိုးရ ၀န်ထမ်းဆိုရင် မမွေးခင် တလခွဲ၊ မွေးပြီး တလခွဲ ခွင့်ရကြတယ်။ ကျမတို့ဆီမှာတော့ နားချိန် လုံးဝမရှိဘူး။ တချို့ဆိုရု လက်ဖက်ခူးရင်း၊ လက်ဖက်ပေါက်ရင်း ကလေးမီးဖွားလိုက်ရတဲ့ အနေအထားအထိ ရောက်ကြရတယ်။ တချို့ဆိုရင် ဆေးခန်းဆိုတာလည်း မရှိ၊ အရပ်လက်သည်နဲ့ ဖြစ်သလို မွေးကြရတယ်။ တချို့ အမျိုးသမီးများဆို အရပ်လက်သည်နဲ့ တောင် မဟုတ်ဘဲ ကိုယ့်တကိုယ်တည်း မွေးကြရတယ်။ ဒါကြောင့်လည်း ရောဂါတွေ မ၀င်သင့်ဘဲ ၀င်၊ မသေသင့်ဘဲ မိခင်ရော ကလေးပါ သေကြရတဲ့ အဖြစ်တွေက မရေမတွက်နိုင်တော့ဘူး။


ကလေးမီးဖွားပြီး နှစ်လ၊ သုံးလဆိုရင် လက်ဖက်ခြံ ပြန်ဆင်းရတယ်။ ယောက္ခမ အိမ်မှ ကလေးထန်းမရှိဘူးဆိုရင် ကိုယ့်ကလေးကို ကျောပိုးပြီး လက်ဖက်ခူးရတယ်။ အလုပ်ကို ပိုပြီး လုပ်ပေးရတယ်။ ကျမက အလုပ်လုပ်ရတာကို စာဖွဲ့ပြီး ပြောနေတာတော့ မဟုတ်ပါဘူး။ အလုပ်က အရမ်းကို အနားမရှိလုပ်ရလွန်းလို့ ပလောင်အမျိုးသမီးတွေရဲ့ ဒုက္ခကို မကြည့်ရက်လို့ကို ပြောနေရတာပါ။ တောင်ပေါ်မှာ ချွေးမတော်ချင်ရင် ချွေးထွက်အောင် လုပ်ရတယ်ဆိုမျိုးက တော်တော်ကို အသားကျနေပါပြီ။


ကျမစဉ်းစားမိတယ်။ ဘာကြောင့် အမျိုးသမီးတွေက အဲလောက်အလုပ်လုပ်နေရတာလဲ။ ဥပမာ ယောက်ျားလေးတွေလည်း အလုပ်လုပ်ပါတယ်။ ယောက်ျားလေးတွေက အလုပ်ကြမ်းကို မိန်းကလေးတွေထက်တောင် ပိုလုပ်ရတယ်လို့ ပြောနေကြတယ်။ လက်ခံပါတယ်၊ ဒါပေမယ့် မိန်းကလေးနဲပ တယောက်ျားလေးနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ မိန်းကလေးတွေက အလုပ်ပိုလုပ်နေရတယ်လို့ ခံစားမိတယ်။ အိမ်မှုကိစ္စက တပိုင်း၊ ခြံအလုပ်က တပိုင်း၊ ကလေးတွေရဲ့ အလုပ်ကတပိုင်း ဘယ်လိုမှ နားချိန်အားချိန် မရှိအောင်ကို လုပ်နေရတာပါ။ အမျိုးသားတွေက ဒါကို ဘာတာဝန်မှ ခွဲမယူဘူး။


ကိုယ့်ယောက်ျားက ဘိန်းစား၊ အရက်သမား၊ ဖဲသမားဖြစ်နေရင် တသက်တာ ရင်ကျိုးရတယ်။ ဘိန်းစားက မယားချစ်ဆိုသလို အိမ်မှာ နေပြီး ဘိန်းပဲ ထိုင်စား မိန်းမလုပ်တဲ့သူက အလုပ်ကို တနေကုန် ကုန်းရုန်း လုပ် ကျမတို့တောင်ပေါ်သူ မိန်းမသားတွေရဲ့ ဘ၀ဟာ အဲဒီလိုအခါမျိုးဆို ဒူးနဲ့ နဖူးက ချွေးထွက်အောင် အလုပ်လုပ်ပေတော့။


ဘာကြောင့်များ ပတ်ဝန်းကျင်တွေက ရိုးရာအစဉ်အလာတွေက ဒီစံချိန်စံညွန်းတွေကို သတ်မှတ်ထားခဲ့ကြတာပါလဲ။ ဒါတွေဟာ ကောင်းသော ထိန်းသိမ်းအပ်သော ရိုးရာဓလေ့တွေရော ဟုတ်ပါရဲ့လား။


ကျမတို့ဆီမှာ ခေတ်ကလည်း အရ်းနောက်ကျတယ်။ စီးပွားရေး ကုန်ထုတ်လုပ်မှု ပုံစံကလည်း လက်ဖက်လုပ်ငန်းတမျိုးတည်းပဲရှိတယ်။ ပညာရဲ့ တန်ဖိုးကိုလည်း နားမလည်တဲ့သူ နည်းနေတယ်။ အဲဒါတွေဟာ ဘာကြောင့် ဖြစ်ရတာလဲ။


ရိုးရာအစွဲအလမ်းကြီးနေရတာဟာ ကျမတို့ကြောင့် သက်သက်ပဲလား။ ကမ္ဘာကြီးဟာ ရှေ့ကို အများကြီး တိုးတက်သွားနေတဲ့အချိန်မှာ ကျမတို့ တောင်ပေါ်သားတွေဟာ အခုလို ရိုးရာဓလေ့ဟောင်းတွေထဲမှာ နောက်ကျကျန်ရစ်ခဲ့တာ ကျမတို့ ညံ့လို့ချည်း သက်သက်ကော ဟုတ်ရဲ့လား။

ကျမ အကြိမ်ကြိမ် စဉ်းစားကြည့်မိတယ်။


ပြီးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းရာတွေထဲမှာ ကျမစဉ်းစားချက်တွေအတွက် ကူပြီးဖြေရှင်းပေးနိုင်မယ့် အချက်အလက်တွေ ကျမသတိထားမိတယ်။ အဲဒီအခမ်းအနားမှ အမျိုးသားတယောက်ရဲ့ ဆွေးနွေးချက် ဒီလို။ “ကျနော်တို့ နိုင်ငံမှာပဲဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာပဲဖြစ်ဖြစ် လူဦးရေ တ၀က်ကျော်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်။ အဲဒီအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ တန်ဖိုးတွေကို လစ်လျူရှုဖို့ စဉ်းစားချက် မှန်သမျှဟာ လုံးဝလွဲချော်ပါတယ်။ ဒါဟာ ကမ္ဘာကြီးကို တန်ဖိုးမထားတာနဲ့ အတူတူပဲ


ကမ္ဘာကြီးပေါ်မှာရော မြန်မာနိုင်ငံမှာပါ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ အများကြီး ချိုးနှိမ်ခံနေရတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပိုပြိး အနှိမ်ခံရတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် အဓိကအားဖြင့် နှစ်ခုရှိလိမ့်မယ်။ တခုက စစ်အာဏာရှင်စနစ်ရဲ့ ဘက်ပေါင်းစုံ ဖိနှိမ်မှုတွေကြောင့် ဖြစ်တယ်။ နောက်တခုကတော့ နှစ်ပေါင်းထောင်ချီပြီး စွဲလမ်းခဲ့တဲ့ ယဉ်ကျေးမှုဟောင်း ဓလေ့ထုံးစံဟောင်း အစွဲအလမ်းဟောင်းတွေကြောင့် ဖြစ်တယ်။

(၅)

သူတို့ ဆွေးနွေးချက်တွေကို ကျမ သဘောတူတယ်။မှန်ပါတယ် ကျမတို့ အခုလို နောက်ကျနေရတာဟာ ကျမတို့ ကြောင့်သက်သက် ဘယ်ဟုတ်နိုင်ပါ့မလဲ။ သူထောက်ပြသလို စစ်အာဏာရှင်စနစ်ကြောင့် ကျမတို့ တပြေးတည်း ပြေးနေ၊ တရှောင်တည်း ရှောင်နေရပြီ ဘကိုမှ အခြေတကျမလုပ်နိုင် မကိုင်နိုင် ဖြစ်ခဲ့ကြရတဲ့ ဘ၀ကြောင့်လည်း ဖြစ်ပါတယ်။



ပြီတော့ ဒီအစွဲအလမ်းတွေဟာ နှစ်ထောင်ချီပြီး စွဲလမ်းခဲ့ကြတယ်ဆိုတာလည်း အမှန်ပါပဲ။ နှစ်ထောင်ချီပြီး စွဲလမ်းနေတဲ့ အမှားအယွင်းတွေကို နေ့ချင်းညချင်း ပြင်ချင်လို့တော့ ဘယ်မှရနိုင်ပါ့မလဲ။

ကျမ စိတ်ရှည်ရမယ်။

ကျမနဲ့အတူ ခံစားနားလည်နိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျမအချိန်ယူပြီး စိတ်ရှည် လက်ရှည် ပြုပြင်သွားရမယ်ဆိုတာ ကျမ အသေအချာ နားလည်ပါတယ်။


အမျိုးသမီးတွေဘ၀ လွတ်မြောက်ဖို့ဆိုတာ တခုတည်းကွက်ပြီး သီးခြားလုပ်ယူလို့ မရနိုင်ဘူးဆိုတာ ကျမကောင်းကောင်းသဘောတူပါတယ်။


Read more...

No comments:

Post a Comment