Thursday, May 14, 2009

ချစ်သော အမေ့အတွက် အလွမ်းစာ

အမေဟာ---

ဂုဏ်ပကာသန၊ မာန်မာန မရှိ

ပကတိ ဖြူစင်တဲ့ ရွှေအတိပြီးသော နှလုံးသားနှင့်

ပင်လယ်ရေပြင်ပမာ ထာဝရ စီးဆင်းနေဆဲပါ။


အမေဟာ---

အမေရဲ့ ဘ၀ကို ကန္တာရ အဖြစ် ကြံ့ကြံ့ခံရင်း

သမီးတို့ မောင်နှမတတွေကို အိုအေစစ် ဖြစ်စေခဲ့တာပါ အမေ။


အမေဟာ---

တိုင်းပြည်ရဲ့ ငြိမ်းချမ်းခြင်းအတွက်

အဖြေမှန်ကို ရှာဖွေကာ ထောက်ပြ

အသက်စွန့်ရမှာကို နည်းနည်းလေးမှ မကြောက်ခဲ့သူပါအမေ။


အမေဟာ---

ဘာဝနာတရားကို ပွားများပြီး

အမေ့ရဲ့ သားသမီးတွေအတွက် အမေ့ရဲ့ တိုင်းပြည်အတွက်

ဘ၀တွေကို ပေးဆပ်

စာတွေ၊ ကဗျာတွေကို ရင်နှင့်သီဖွဲ့

ပြည့်သူတွေရဲ့ ဆန္ဒကို ရာစုတခုကြာ ဖြည့်ဆည်းခဲ့တာကြောင့်

အမေ့ရဲ့ မေတ္တာအလင်းက

နေတစ်စင်းပမာ---

အမေ့ရဲ့ ကရုဏာတရားက

လမင်း ပမာ---

အနှိုင်းမဲ့ သာမြဲ သာနေလျက်ပါ အမေ။


အမေဟာ--

ကဗျာတွေရေး၊ စာတွေရေး

သား၊ သမီးတွေရဲ့ စံပြ

ဘယ်အရာနှင့်မှ နှိုင်းမရတဲ့မိခင်

ရွှင်ကြည်တဲ့ နှလုံးသားမှာ

ကြည်လင်တဲ့ အပြုံးများနဲ့သာ ဖွဲ့တည်ထားနိုင်လွန်းသူပါ။


အမေဟာ--

စစ်အာဏာရှင် တသက်

ဘက်ပေါင်းစုံ ခွန်အားတွေ စိုက်ထုတ်ခဲ့သူမို့

အမေ့အတွက် ဂုဏ်ပြုမှတ်တမ်း

ကောင်းကင် လွင်ပြင် တ၀ှမ်းမှာ

ရောင်စုံပန်းတွေ လန်းလန်း ဖြာခဲ့ပါပြီ အမေ။


အမေဟာ----

သန္ဓေမှန်စွာ ပေါက်ဖွားလာခဲ့တဲ့ အမျိုးသမီးကောင်း

မလျော့သောဇွဲနှင့် တိုက်ပွဲဆင်

စိန်ခေါ်မှု ထောင်သောင်းကို ရင်ဆိုင်

တရားမျှတ ငြိမ်းချမ်းသော လမ်းစဉ်ကို အသေချာကိုင်စွဲ

နောင်လာမယ့် မျိုးဆက်သစ်တို့အတွက် စံနမူနာကောင်းကို ရဲရဲပြခဲ့သူပါ။


အမေ---

လူထုအမေ--

ဘေးမသီ၊ ရန်မခ အန္တရာယ်အပေါင်းမှ ကင်းရှင်းပြီး

အသက်ရာကျော် ရှည်စေကြောင်း

သမီးတို့ မောင်နှမတွေ အားလုံးက ဆုတောင်းလိုက်ပါရစေ အမေ။ ။

အမေလူထုဒေါ်အမာ သက်တော်ရာကျော်ရှည်ပါစေ။

Read more...

No comments:

Post a Comment