Wednesday, May 13, 2009

ပြည်သူစစ်ကောက်ခံခြင်း


၂ရက်၊ ဖေဖော်ဝါရီလ။ ၂၀၀၉ခုနှစ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ မယကရုံးတွင် အစည်းအဝေးများ ပြုလုပ်ပါသည်။ ကျေးရွာအုပ်စု ဥက္ကဌများက အစည်းအဝေး တက်ရောက်ခဲ့ပါသည်။ ကျေးရွာ အုပ်စုတိုင်းတွင် ပြည်သူစစ်ကောက်ခံမည်ဟု တင်ပြပါသည်။ ဘာကြောင့် ကောက်ခံသည်ဟု သေသေချာချာ ရှင်းလင်းမှုမရှိပေ။ သို့သော် ရပ်ရွာလုံခြုံရေးအတွက် ဖွဲ့စည်းသည်ဟု ရှင်းလင်းထားပါသည်။ နေပြည်တော်မှ လာသော ဗိုလ်ချုပ် လွန်းမောင်မှ တာဝန်ယူပြီး နမ့်ခမ်းမြို့နယ်ရှိ မယကများကို တာဝန်ပေး၍ တရွာဝင် တရွာထွက် လိုက်လံအတင်းအဓမ္မစည်းရုံးခိုင်းပါသည်။ ဗိုလ်ချုပ် လွန်းမောင်သည် ရှမ်းပြည်မြောက်ပိုင်းတခုလုံးတွင် တာဝန်ယူပြီး မယကကို အမိန့်ပေး စည်းရုံးခိုင်းထားပါသည်။


အုစ်စုတစ်အုပ်စုလျှင် ပြည်သူစစ် အယောက် (၉၀)ပေးရမည်။ ပြည်သူစစ် ပြုလုပ်သည့်သူ၏ အမည်စာရင်းများကို အသေးစိတ်ကောက်ခံပြီး မယကရုံးသို့ ပေးပို့ထားပါသည်။ တအုပ်စုလျှင် စစ်သင်တန်း အယောက်ပေါင်း (၃၀) တက်ခွင့်ရှိပါသည်။ သင်တန်းတက်ပြီးလျှင် သူကျေးရွာအုပ်စုတါင်အခြေချပြီး လုံခြုံရေးတာဝန်ပေးရမည်။ သင်တန်းတက်ထားသောသူကို မောင်းပြန်သေနတ် နံပါတ် (၂၁၊ ၂၂) ပေးကိုင်မည်ဟု သတင်းရရှိပါသည်။


ပြည်သူစစ်တယောက် အသက်စံသတ်မှတ်ချက်များ မတူညီကြပေ၊ တချို့သော ရွာတွင ၄၅နှစ်အောက်ဖြစ်ရမည်။ တချို့သောရွာတွင်အသက် ၃၀အောက်ဖြစ်ရမည်။ တချို့သော ရွာတွင် လူပျိုလူလွတ်ဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။ ကောက်ခံသည့်အချိန်တွင် အသက် (၃၀)အောက် လိုချင်သည်ဟု ပြောကြားပါသည်။

မန်အောင်အုပ်စုတွင် အရင်တုန်းက စစ်တပ်ထားသော နေရာတွင် ပြည်သူစစ်များအတွက် နေရာချထားပါသည်။ ဤနေရာတွင် ပလောင်ပြည်သူများ အိမ်ဆောက်ထားပြီးဖြစ်ပါသည်။ ဤအိမ်ကို ဖြိုပြီး စစ်တပ်ပြည်လည်တည်ဆောက်မည်ဟု သတင်းရရှိပါသည်။


ရွာသားအမျိုးသမီးတဦး၏ ပြောပြချက်အရ

ကျမတို့ဆီမှာ ပြည်သူစစ်တွေ လိုက်လံကောက်နေပါတယ်။ သူတို့ လူပျိုလူလွတ် အသက်ငယ်လေတွေ ရွေးချယ်ပြီး ကောက်ခံပါတယ်။ ပြည်သူစစ်ရဲ့ တပ်စခန်းကို ရွာအလယ်မှာ ချထားမယ်။ ဒီနေရာက အရင်တုန်းက တပ်စခန်းတွေ ချထားပါတယ်။ တပ်စခန်းမရှိတော့ အိမ်တွေ ဆောက်လုပ်ထားပါတယ်။ အခုတော့ စစ်တပ်စခန်း ပြန်ဆောက်မယ်ဆိုတော့ ရွာသားတွေရဲ့ အိမ်ကို ဖြိုရမှာ ဖြစ်ပါတယ်။ သူတို့အိမ်ကို ဖြိုတဲ့အတွက် လျောကြေးမရရှိပါဘူး။ သူတို့တွေလည်း ဘာမှ မပြောရဲကြဘူး။


ပြီးတော့ တချို့သော ကောင်လေးတွေ ပြည်သူစစ်မလုပ်ချင်ကြဘူး။ အသက်က ငယ်ငယ်လေးတွေပဲရှိကြတယ်။ ဒါပေမယ့် အထက်က အမိန့်ကို မလွန်ဆန်နိုင်တဲ့အတွက်ကြောင့် ပြည်သူစစ် လုပ်နေရတယ်။


ပြည်သူတဦး၏ ပြောပြချက်အရ

အခု ပြည်သူစစ်တွေ လိုက်လံကောက်နေတယ်။ အုပ်စုတိုင်းကို စည်းရုံးပြီး တအုပ်စုကို အယောက်ပေါင်း (၉၀)ပေးရမယ်။ သူတို့လိုချင်တာကတော့ အသက် (၃၀)အောက် လူပျို လူလွတ်ဖြစ်ပါတယ်။ ဒါပေမယ့် မရတဲ့အဆုံးတော့ အသက် (၄၅)နှစ်အောက်ပေးရမယ်။


သူတို့ ဘာကြောင့် ပြည်သူစစ်ကို ထပ်မံ ကောက်ခံသလဲဆိုတာ ကျနော်တို့ရဲ့ ရွာသားတွေရဲ့ ခန့်မှန်းချေအရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖြစ်ပါတယ်။ သူတို့လူတွေ ဖြစ်ဖို့ စည်းရုံးတာတပိုင်း၊ ပြီးတော့ သူတို့ လုံခြုံရေးအတွက် ကင်းလှည့်စောင့်ထားဖို့အတွက်လည်း ဖြစ်ပတယ်။ သူတို့ ကောင်းကောင်းမရှင်းပြဘူးဖြစ်နေတယ်။ ပြီးတော့ ဗိုလ်ချုပ်လွန်းမောင်ရဲ့ တပ်ရင်း နံပါတ်ကို ပြောမပြထားဘူးဖြစ်နေတယ်။ ကျနော်တို့ဆီ ဒုက္ခအရမ်းရောက်နေပါတယ်။ ပြည်သူစစ် မပေးလို့လဲ မရဘူး။ ငြင်းဆန်ရဲတဲ့သူလဲ မရှိဘူး။ သူများခိုင်းတိုင်းလဲ လိုက်လုပ်နေရပါတယ်။


လူငယ်တဦး ရင်ဖွင့်သံ

ကျနော်ကတော့ ပြည်သူစစ်မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆိုရင် အရေးကြုံရင် စစ်သားလိုအပ်လာရင် ပြည်သူစစ်ကို အသုံးချပြီး စစ်တိုက်ခိုင်းမှာဖြစ်တယ်။ စစ်သင်တန်းလဲ တက်ခိုင်းမှာ၊ ကျနော်စာရင်းပါပေမယ့် ကျနော် ထွက်ပြေးမယ်။ မလုပ်ချင်ဘူး။


လူငယ်တဦး ရင်ဖွင့်သံ

ကျနော်တို့က မလုပ်ချင်ပေမယ့် စာရင်းထဲပါသွားပြီးဆိုတော့ သူတို့ရဲ့ ဆန္ဒကို မလွန်ဆန်ရဲဘူးဖြစ်နေတယ်။ သူပြောသလို လိုက်လုပ်ရမှာ ဖြစ်ပါတယ်။


ပလောင်အမျိုးသမီးအစည်းအရုံး သတင်းနှင့်သုတေသနဌာနမှ ရရှိပါသည်။

Read more...

No comments:

Post a Comment