Sunday, April 05, 2009

ရှန်ဂရီလာမှ လှိုင်းခတ်သံများ


(၁)

‘အမျိုးသမီးအခွင့်အရေး’ လို့ပြောလိုက်ရင် တချို့က ပြုံးစိစိ ဖြစ်သွားတတ်ကြတယ်။ သဘောကတော့
‘လိုလို့လား’ ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့။ ‘လိုလို့လား’ ဆိုတာမှာလည်း အနည်းဆုံးနှစ်မျိုးတော့ရှိမယ်ထင်
တယ်။ တစ်မျိုးက လူ့အခွင့်အရေးလို့ ကျယ်ကျယ်လောင်လောင်တောင်းဆိုလာကြတဲ့ ဒီခေတ်ကြီးထဲမှာ အမျိုးသမီးအခွင့်အရေးဆိုပြီး သီးခြားတောင်းစရာ၊ တိုက်စရာ မလိုတော့ပါဘူးလို့ မြင်တာမျိုး။
ဒါကသိပ်မဆိုးဘူး။ ဒီအမြင်မျိုးက ညှိလို့ဆွေးနွေးလို့ ရနိုင်ပါတယ်။


နောက်တစ်မျိုးကတော့ အရေးအရာမပါတာတွေကို ပုံကြီးချဲ့ပြီး ပုဇွန်ဆိတ် ခါးတောင်းကျိုက်ပြီး
ဖမ်းနေပြန်ပြီဆိုတဲ့ သရော်တော်တော်အမြင်မျိုး။ ဒီအမြင်ကတော့ တော်တော်ဆိုးတယ်။လူတချို့ဆီမှာ
အမျိုးသားတွေဆီမှာရော၊ အမျိုးသမီးတွေဆီမှာပါ ဒီအမြင်မျိုးဟာ နှစ်ပေါင်းများစွာ အရိုးစွဲနေတတ်
တာဆိုတော့... ကျမတို့ အများကြီးကြိုးစားရဦးမှာပဲလို့ ဆင်ခြင်မိပါတယ်။


(၂)
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးအားလုံးဟာ တချိန်တုန်းးက အမျိုးသမီးအခွင့်အရေးဆိုတာကို ဒီနေ့ဒီ
အခါလောက် သိမြင်နားလည်မှု မကြီးခဲ့ကြသေးပါဘူး။ အမျိုးသမီးအခွင့်အရေးဆိုတာဘာလဲပေါ့။
တချို့သော အမျိုးသမီးများကိုယ်တိုင်လည်း ကိုယ့်အခွင့်အရေးကို ရှိမှန်းတောင် မသိခဲ့ကြဘူး။

ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးအခွင့်အရေးကို ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အမျိုးသားကြီးစိုးတဲ့ဝါဒ
(မဟာဝါဒ) နဲ့ ဘာသာတရားတွေက အမျိုးသမီးတွေကို လွှမ်းမိုးချုပ်ကိုင်ထားပါပဲ။ ဘုရားရှင်ကိုယ်
တော်တိုင်က မဟောကြားခဲ့ပေမယ့် အဠကထာဆရာတွေက ဘာသာတရားကို တီထွင်ကြံဆပြီး
ရေးသားလာတဲ့အတွက် လူသားတွေက အမျိုးသမီးတွေကို ဘုန်းနိမ့်တယ်၊ မမြတ်ဘူးစတဲ့
အစွဲအလမ်းအမှားတွေကို ဖြစ်စေခဲ့ပါတယ်။ တချို့ကျမ်းစာတွေမှာဆိုရင် တိရိစ္ဆာန်ထက်တောင်
အဆင့်နိမ့်ကျတယ်လို့ ပြောဆိုချက်မျိုးထိ တွေ့ရတတ်တယ်။ အမျိုးသမီးဆိုတာ အိမ်တွင်းမှု
လုပ်ငန်း၊ သားမွေးတဲ့ကလေးထိန်းတဲ့လုပ်ငန်းတွေမှာသာ လုပ်ရမယ်ဆိုတာမျိုး စာနဲ့ပေနဲ့
ပြဠာန်းမထားပေမယ့် အဲဒီအတွေးအခေါ်က တော်တော်ကြီးလွှမ်းမိုးနေတယ်။ ပိုက်ဆံမရတဲ့
အလုပ်မျိုးကို အမျိုးသမီးတွေကလုပ်ကြရတယ်။ ပိုက်ဆံမရတဲ့အတွက်လည်း ဘယ်လောက်ကြီး
ပင်ပန်းပင်ပန်း တန်ဖိုးအပေးမခံရဘူး။ အသိအမှတ်အပြုမခံရဘူး။

တချို့အမျိုးသမီးတွေဟာ ပတ်ဝန်းကျင်ပြုသမျှကို ခေါင်းညိတ်ပြီး ဒါဟာအမှန်တရားဆိုတာမျိုး၊
များသောအားဖြင့် အမျိုးသမီးတွေကိုယ်တိုင်က လက်ခံထားကြတယ်။ ယဉ်ကျေးမှုဟောင်းနဲ့
ဓလေ့ထုံးစံဟောင်း တွေရဲ့အောက်မှာနစ်မှန်းမသိနစ်နေကြတယ်။ တချို့အမျိုးသမီးတွေကတော့
အမျိုးသမီးအခွင့်အရေး ရှိတယ်ဆိုတာကို သိရှိပြီး စတင်လှုပ်ရှားလာခဲ့ကြတယ်။ အမျိုးသားများနဲ့
တန်းတူအခွင့်အရေးရရှိဖို့ကို ရည်ရွယ်ပြီးတောင်းဆိုတိုက်ပွဲဝင်လာတယ်။ မဲပေးခွင့်၊ အရွေးချယ်ခံ
ပိုင်ခွင့်၊ ပညာသင်ကြားခွင့် အပါအ၀င် လူမှုရေး၊ စီပွါးရေး၊ နိုင်ငံရေးနယ်ပယ်တိုင်းမှာအမျိုးသားများ
နဲ့တန်းတူအခွင့်အရေးရဖို့တောင်းဆိုလာခဲ့ကြတယ်။

နှစ်ပေါင်းများစွာ အမျိုးသမီးတွေရဲ့ တိုက်ပွဲဝင်လာမှုကြောင့် ယနေ့ဆိုရင် နိုင်ငံတော်တော်များများမှာ
အမျိုးသမီးအခွင့်အရေးဆိုတာကို အသိအမှတ်ပြုလာခဲ့ကြတယ်။ ဒါပေမယ့် အပြည့်အ၀ရသေး
တာတော့ မဟုတ်သေးဘူး။ အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာစာချုပ်စာတမ်း
များကို လက်မှတ်ထိုးထားရုံနဲ့ မပြည့်စုံသေးပါဘူး။ အမျိုးသမီးအခွင့်အရေးတွေကို လက်တွေ့
ကျကျအသိအမှတ်ပြုပြီး မချိုးဖောက်ကြဖို့လည်း အရေးကြီးပါတယ်။ လက်တွေ့မှာတော့
ကမ္ဘာကြီးပေါ်မှာ အမျိုးသမီးတွေဟာ ကနေ့အထိ အခွင့်အရေးတွေ ချိုးဖေါက်ခံနေရဆဲပါပဲ။

(၃)
ဆုံးရှုံးနေတဲ့ အမျိုးသမီးအခွင့်အရေးတွေကို အပြည့်အ၀ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာက
အမျိုးသမီးများ စုရုံးမိကြတယ်။ အဲဒါကတော့ နိုင်ငံတကာအမျိုးသမီးညီလာခံတစ်ခုကို
ပြုလုပ်ခဲ့ကြတာပါပဲ။ ဒီညီလာခံဟာ (၁၀) ကြိမ်မြောက် ကျင်းပတာလည်း ဖြစ်ပါတယ်။

International Form on Women’s Rights and Development (AWID) အဖွဲ့ကဦးစီးပြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ (Shangri-La Hote) မှာ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၇ - ၃၀ အထိ ပြုလုပ
်ခဲ့ကြတာပါ။ ကျမအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရတာ ဖြစ်ပါသည်။
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးပေါင်း (၂၀၀၀) နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုပွဲမျိုးမှာ ပလောင်
အမျိုးသမီးငယ်တယောက်အနေနဲ့ တက်ရောက်ဆွေးနွေး ခွင့်ရတဲ့အပေါ် ကျမအနေနဲ့
ကြည်ကြည်နူးနူးကို ဂုဏ်ယူမိပါတယ်။

ဒီညီလာခံကို အစိုးရအဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊
လူမှုရေး၊ စီးပွားရေး၊ အမျိုးသမီးအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ မသန်မစွမ်းသော
အမျိုးသမီးများ၊ ဆွံ့အနားမကြားသော အမျိုးသမီးများနဲ့ အတတ်ပညာ၊ အသိပညာရှင်များ
စသဖြင့် စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသမီးထောင်ပေါင်းများစွာဟာ ဒီခန်းမဆောင်ထဲကို ဘာကြောင့်ရောက်လာကြပါသလဲ။
ကျမတွေ့ရတာကတော့ အမျိုးသမီးတွေရဲ့ ဘ၀အတွေ့အကြုံတွေကို ရင်ဖွင့်ကြဖို့၊ တစ်ဦးနဲ့
တစ်ဦးအကြံဥာဏ်တွေဖလှယ်ကြဖို့ ၊ ဘ၀ရဲ့ဒဏ်ရာ ဒဏ်ရာချက်တွေကို ရင်ဖွင့်ကုစားကြဖို့၊
အမျိုးသမီးတွေရဲ့ ဘ၀အနာဂတ်ကို ပိုမိုလှပပြည့်စုံလာအောင် တည်ဆောက်ကြဖို့အတွက်
တက်ရောက်လာကြခြင်းဖြစ်ပါတယ်။

ခန်းမဆောင်တစ်ခုလုံးဟာ ရောင်စုံပန်းခင်းတစ်ခင်းလို ဖြစ်နေတယ်။ အသားအရောင်အမျိုးမျိုး၊
ဘာသာတရားအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုးသော လူမျိုးပေါင်းစုံအမျိုးသမီးတွေဟာ
ဒီခန်းမထဲမှာ လာရောက်စုဝေးနေကြတယ်။ ဒါဟာ အင်မတန်မှတွေ့ဖို့ခဲယဉ်းတဲ့ မြင်ကွင်း
တခုပါပဲ။ မတူကွဲပြားတဲ့ အမြင်တွေကိုစုစည်းပြီး ဘယ်လိုအတူတွဲလုပ်ကြမလဲဆိုတာ သိပ်လွယ်
ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ပထမဦးဆုံး မတူကွဲပြားဘူးဆိုတာကို လက်ခံဖို့လိုတယ်။
အပြန်အလှန်တန်ဖိုးထားဖို့လိုတယ်။ သေချာတာတခုကတော့ ကျမတို့ အမျိုးသမီးတွေအားလုံးမှာ
အမျိုးသမီးတန်းတူအခွင့်အရေးရရှိရေး၊ နယ်ပယ်အသီးသီးမှာ အမျိုးသမီးခေါင်းဆောင်များ
ပေါ်ပေါက်လာရေး၊ ချိုးဖေါက်ခံနေရတဲ့ အခွင့်အရေးများကို ကာကွယ်ရေးစတဲ့ ဘုံရည်မှန်းချက်
တွေမှာ တူညီနေကြပါတယ်။

(၄)
အမျိုးသမီးတစ်ယောက် ပြောတဲ့စကားကို အမှတ်ရမိတယ်။“ ကျမတို့တတွေဟာ ပန်းလေးတွေ
မဟုတ်ပါဘူး။ ကျမတို့က ရောင်စုံမီးပန်းတွေဖြစ်ပါတယ်” တကယ်လည်း ပြန်စဉ်းစားကြည့်တော့
ဟုတ်ပါတယ်။ ပန်းဆိုတဲ့အရာဟာ နူးညံ့တယ်။ နုနယ်တယ်။ ညှိုးလွယ်၊ နွမ်းလွယ်တယ်။
မီးပန်းဆိုတာကတော့ မီးတောက်လို အမြဲတမ်းတောက်ပနေတယ်။ တောက်ပမှုနဲ့အတူ
ကိုယ့်ဘေးမှာရှိတဲ့၊ ကိုယ့်အပေါ်မှာ လွှမ်းမိုးနေတဲ့ အမှောင်ထုကို ဖယ်ရှားသန့်စင်နိုင်တယ်။
ကျမတို့ အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာရင်း မီးရှူးမီးပန်းတွေဖြစ်လာကြပါပြီ။

တက်ရောက်လာတဲ့ အမျိုးသမီးတွေကို ကြည့်ရတာ အရမ်းကို အားကျစရာကောင်းလှပါတယ်။
အထူးသဖြင့် ကိုယ်လက်မသန်မစွမ်းတဲ့ အမျိုးသမီးလေးတွေပါ တက်ရောက်လာကြတာ ကျမဖြင့်
တော်တော်ပင် အားတက်မိတယ်။ သူတို့တွေဟာမသန်းစွမ်းကြပေမယ့် မလျှော့သောဇွဲနဲ့
ဘ၀ကိုအရှုံးမပေးတမ်း အမျိုးသမီးအခွင့်အရေးတွေအတွက် တိုက်ပွဲဆင်နေသူများဖြစ်ပါတယ်။
ပြီးတော့ ဆွံ့အနားမကြားသူ အမျိုးသမီး (၁၀) ယောက်ကျော်ကျော်လည်း တက်ရောက်လာတာ
တွေ့ရပါတယ်။

အထူးသဖြင့် ဆွံ့အနားမကြားတဲ့ အမျိုးသမီးတွေဆိုရင် ကျမတို့နိုင်ငံမှာ အပစ်ပယ်ခံများဖြစ်နေကြ
ရတာပါ။ သူတို့ကို ဘယ်သူကမှ လူရာမသွင်းကြဘူး။ နဂိုကမှ မသန်းစွမ်းရတဲ့ အထဲမှာ လူ့လော
ကြီးရဲ့ ဆက်ဆံရေးပုံသဏ္ဍန်အဟောင်းကြီးက သူတို့ကို ပိုပြီး ရေနစ်ရာဝါးကူထိုးသလိုဖြစ်ခဲ့ရပါတယ်။

ဒီမှာတော့ ဆွံ့အနားမကြားတဲ့အမျိုးသမီးတွေအတွက် ကိုယ်ဟန်အမူအရာနဲ့ ဘာသာပြန်ပေးတဲ့သူ
လည်းရှိတယ်။ သူတို့ဟာ နည်းနည်းမှ အားငယ်တဲ့ဟန်မပေါက်ဘဲ တန်းတူရည်တူ လွတ်လွတ်
လပ်လပ်တင်ပြ ဆွေးနွေးနေကြတာ ကျမဖြင့်မျက်ရည်တောင်လည်မိတယ်။ တောင်အဖရိက
အမျိုးသမီးတစ်ယောက်ကို ကျမမေး ကြည့်မိတယ်။ သူက ကိုယ်အမူအရာနဲ့ဘာသာပြန်ပေးခဲ့
သူဖြစ်ပါသတဲ့။ ဒီလို စကားမပြောနိုင်တဲ့သူတွေကို အကူအညီပေးရတဲ့အတွက်လည်း သူက
တော်တော်ဂုဏ်ယူပါတယ်။

ကျမ ပထမဦးဆုံးမြင်တဲ့အချိန်ကဆိုရင် အရမ်းကိုအံ့သြနေမိပါတယ။် ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုး
ကျမတခါမှမမြင်ဖူးဘူး။ ကျမတို့နိုင်ငံမှာ ဆွံ့အ နားမကြားပြီး လူဖြစ်ရှုံးနေတဲ့သူကို ကျမမြင်
ယောင်မိတယ်။

အမျိုးသမီးညီလာခံဆိုပေမယ့် အမျိုးသားများလည်း ပါဝင်တက်ရောက်ကြတာကို တွေ့ရှိရပါတယ်။
ဒီလို အမျိုးသားတွေတက်ရောက်တာဟာ အင်မတန်မှ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူတို့ကိုယ်တိုင် အမျိုးသမီးတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရင်း အမျိုးသမီးတွေရဲ့ခံစားချက်ကို
ပိုမိုသိရှိနားလည်လာနိုင်တဲ့ အတွက်ပါ။ အမျိုးသမီးအရေးဆိုတာ အမျိုးသမီးတွေချည်းပဲပြုရမယ
်ဆိုတဲ့ အမြင်ဟာ အများကြီးကျန်ခဲ့ပါပြီ၊။

အမျိုးသမီးတွေကိုယ်တိုင်ကလည်း အမျိုးသားတွေနဲ့အတူ လုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းဆောင်
ရွက်နိုင်ဖို့၊ ၀င်ဆန့်နိုင်ဖို့ အများကြီးကြိုးးစားကြနေကြပါပြီးဆွံ့အ, နားမကြားတဲ့ အမျိုးသမီးတဦး
က ဒီလိုဆိုပါတယ်။

“ကျမတို့ အမျိုးသမီးတွေက တန်းတူအခွင့်အရေးကို တိုက်ခိုက်တဲ့နေရာမှာ ကျမတို့ လုံးဝကိုလက်
မလျော့ရမှာဖြစ်သလို လုံးဝကိုပဲ ရှေ့ကိုဆက်ပြီး ချီတက်ရမှာ ဖြစ်ပါတယ်။ ကျမတို့အတွေ့အကြုံ
ဗဟုသုတတွေကို လုပ်ငန်းတွေကို ပူပေါင်းဆောင်ရွက် သွားကြရမယ်။”

ကျမသတိထားမိတာက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဆွေးနွေးတဲ့အချိန်ပါ။
မြန်မာ့နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ဒုက္ခတွေ၊ ရွေ့ပြောင်းအလုပ်သမား အမျိုးသမီးငယ်များရဲ့
မလုံခြုံမှုတွေ၊ အမျိုးသမီးလူကုန်ကူးခံရသူတွေအကြောင်းကို ကျမတို့တင်ပြတဲ့အခါမှာ ခန်းမကြီး
တစ်ခုလုံး ငြိမ်သက်ပြီး တိတ်ဆိတ်သွားတော့တယ်။ ကျမ သေသေချာချာကိုပဲ တက်ရောက်လာတဲ့
အမျိုးသမီးထုရဲ့ တုန့်ပြန်မှုကို သတိထားပြီး အကဲခတ်မိတယ်။ အမျိုးသမီးအများစုဟာ ရင်ခုန်ခြင်းနဲ့
အတူ မျက်ရည်တွေဝိုင်းနေကြတယ်။ တင်ပြနေတဲ့ ကျမသူငယ်ချင်းရဲ့အသံဟာလည်း လှိုက်လှဲမှုနဲ့
အတူ တုန်ခါလို့ပေါ့။

ကျမတို့တင်ပြအပြီးမှာတော့ အစ်မကြီးတယောက်က ကျမလက်ကို လာဆွဲနှုတ်ဆက်ပြီး “
အစ်မက မြန်မာပြည်မှာမွေးပါတယ်၊ မင်းတို့လိုပဲ အမက တချိန်တုန်းက ခံစားဖူးပါတယ်။ မင်းတို့
လူငယ်တွေ ဒီလို တက်တက်ကြွကြွပါဝင်လှုပ်ရှားတာကို တွေ့ရတော့ ရင်ထဲမှာကျေနပ်လိုက်တာ
ကွာ။ မြန်မာပြည်ကြီးပြောင်းလဲသွားဖို့အတွက် အစ်မ အတတ်နိုင်ဆုံးကူညီပေးသွားမယ်။”

နိုင်ငံခြားမှာနေခဲ့တာ ကြာပြီဖြစ်တဲ့ ဗမာစကားမပီတပီ၊ အင်္ဂလိပ်စကားနဲ့ အားပေးနေတဲ့အစ်မရဲ့
အသံဟာ ကျမရင်ကိုအေးမြစေပါတယ်။ သူ့ရဲ့ရင်ဖွင့်သံဟာ သူ့ရဲ့ပါးပေါ်က လိမ့်ကျလာတဲ့
မျက်ရည်စနဲ့အတူ ပေါင်းစပ်သွားတဲ့ အခါမှာတော့ ကျမကိုယ်တိုင်လည်း မျက်ရည်တွေထိန်း
လို့မရတော့ဘူး။

ကျမထင်ထားတာက ထိုင်းလူမျိုးတွေက ကျမတို့ မြန်မာပြည်ကလာတဲ့လူတွေအပေါ်
မလိုမုန်းထားကြ တယ်လို့ထင်ခဲ့မိတယ်။ လူတချို့ကတော့ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။
ဒီမှာကျမတွေ့ရတဲ့ ထိုင်းအမျိုးသားတွေကတော့...

“ဆူနာမီကိစ္စတုန်းက ကျနော်လုံးဝ စိတ်မကောင်းပါဘူး။ မြန်မာလူမျိုးတွေအများကြီး
သေကြေပျက်စီး ကြတယ်။ ဆူနာမီကိစ္စကြောင့် ပြန်အပို့ခံရတဲ့ အလုပ်သမားတွေလည်း
အများကြီးပဲ။ ထိုင်းအစိုးရတွေက သူတို့ကို ဘာမှအကူအညီမပေးခဲ့ဘူး။ ဒီအတွက်
ကျနော်တို့ အများကြီးစိတ်မကောင်းပါဘူး။”

သူတို့ထိုင်းအစိုးရကို တော်တော်ပဲ ဝေဖန်ပြစ်တင်ကြပါတယ်။ သူတို့တတွေဟာ ထိုင်းပဲဖြစ်ဖြစ်၊
မြန်မာပဲ ဖြစ်ဖြစ် လူသားတွေလို့ နားလည်နိုင်ကြသူတွေပါ။ အင်ဒိုနီးရှား အမျိုးသမီးလွတ်တော
်အမတ်ဟောင်းတစ်ယောက်ကလည်း ဒီလိုဆိုပါတယ်။

“ မြန်မာပြည်ဟာ နှစ်ပေါင်းများစွာ နအဖ ရဲ့လက်အောက်မှာ ကျရောက်နေရတယ်။ ဒေါ်အောင်
ဆန်းစုကြည် အခုချိန်ထိ နေအိမ်အကျယ်ချုပ်ကျနေတုန်းပဲ။ လူ့အခွင့်အရေးမျိုးမျိုးချိုးဖေါက်ခံ
နေရတယ်။ ဒါက ကျမတို့ကိုယ်ချင်းစာတယ်။ မြန်မာနိုင်ငံပြောင်းလဲဖို့အတွက်
ကျမတို့နိုင်ငံမှာလည်း တာဝန်ရှိပါတယ်။ အခုမြန်မာပြည်ကိုထောက်ပံ့နေကြတဲ့ အိန္ဒိယ၊
တရုတ်၊ ဂျပန်၊ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေ အားလုံးလည်း တာဝန်ရှိတယ်။
နအဖကို ဖိအားပေးဖို့လိုတယ်။”

လွတ်တော်အမတ်ဟာ သူ တကယ်ပဲ မြန်မာပြည်ကိုပြောင်းလဲစေချင်တာပါ။ သူနဲ့ စကားသွား
ပြောကြည့်တဲ့အချိန်မှာ သူ့ရဲ့ ခံစားချက်တွေနဲ့ သူရဲ့စာနာစိတ်တွေကို ပိုပြီးတွေ့ရတယ်။

အမေရိကန်က အမျိုးသမီးတဦးရဲ့တင်ပြချက်ကလည်း အရမ်းကို အားကျစရာကောင်းပါတယ်။
သူဟာ အမေရိကန် အစိုးရကို အီရက်စစ်ပွဲနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားဝေဖန်ခဲ့တယ်။

“အီရက်ကိုတိုက်ခိုက်တာ ကျမတို့ လုံးဝမလိုလားသလို နောက်နောင် စစ်ပွဲတွေမရှိတော့ဖို့
အတွက်လည်း ကျမတို့ဆက်ပြီး လုပ်သွားရလိမ့်မယ်။ ကျမတို့တစ်စုံတရာ လွတ်လပ်
ခွင့်ရှိပေမယ့် တခြားနိုင်ငံကအမျိုးသမီးတွေရဲ့ လွတ်မြောက်ဖို့အတွက် ကျမတို့လည်း ဆက်
လက်တိုက်ခိုက်သွားရပါလိမ့်မယ်။တောင်အာဖရိက အမျိုးသမီးတယောက်က
အခုလိုဆွေးနွေးပါတယ်။

“ကျမတို့နိုင်ငံမှာ အမျိုးသမိးက လွတ်တော်အမတ်မှာ ၄၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရှိတယ်။
အမျိုးသမီးနဲ့ အမျိုးသားက တန်းတူအခွင့်အရေးလုံးဝရရှိနေပါပြီ။အဲဒီအမျိုးသမီးကြီးဟာ
အစိုးရအဖွဲ့အစည်းက တက်ရောက်လာတာပါ။ သူကတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေး
ဟာ တောင်အာဖရိကမှာ အပြည့်အ၀ ရရှိနေပြီလို့ဆိုပါတယ်။ ဒါပေမယ့် တခြားတောင်အာဖရိက
အမျိုးသမီးတယောက်ကတော့ သူနဲ့လုံးဝမတူဘူး။ အမျိုးသမီးတွေ အခွင့်အရေးတန်းတူရဖို့
အများကြီးလိုသေးတယ်လို့ဆိုပြန်ပါတယ်။ကိုယ်စားပြုမှု မတူညီမှုပေါ်မှာမှုတညပြီး အခွင့်အရေး
ရရှိမှုတွေလည်း ကွဲပြားကြတယ်။ အတွေးအခေါ်နဲ့ အပြောအဆိုတွေလည်း ကွဲပြားနေကြ
တယ်ဆိုတာကို လက်တွေ့ကျကျပဲ လေ့လာခွင့်ရခဲ့ပါတယ်။

(၅)
ကျမညီလာခံထဲက ရရှိလာတဲ့အတွေ့အကြုံတွေရယ်၊ ညီလာခံအတောအတွင်းမှာ
ဆွေးနွေးခဲ့ရတဲ့ အကြောင်းအရာတွေနဲ့ အတွေ့အကြုံတွေရယ်ဟာ ကျမအတွင်တော့
တန်ဖိုးဖြတ်လို့မရတဲ့ ရတနာတွေပါပဲ။

ဒီအခမ်းအနားမှာ ကျမတို့နိုင်ငံက အမျိုးသမီးရေးရာအဖွဲ့ရဲ့ကိုယ်စားလှယ် တယောက်
တလေမှ တက်လာတာ ကျမ မတွေ့ရဘူး။ ဒီပွဲမှာ တက်ခွင့်တာလည်း ဖြစ်နိုင်တယ်။ သူတို့ကို
ဘယ်သူကမှ ဆေးဖောက်ကြောဖက်လုပ်ပြီး ဖိတ်ကြားတာမျိုးလည်း ရှိပုံမရဘူး။ ကျမစဉ်းစား
ကြည့်တယ်လေ။ သူတို့ တကယ်လို့တက်လာ ကြရင်လည်း ဒီပွဲမှာ ဘာတွေကိုဆွေးနွေးပြီး
ဘာတွေကိုတောင်းဆိုကြမှာလဲဆိုတာ....

‘License to Rape’ တို့ ‘ Driven Away ’ တို့နဲ့ပတ်သက်ပြီး သူတို့ကို မေးခွန်းတွေတက်
လာရင် သူတို့ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်ဖြေကြမလဲဆိုတာ...ဒေါ်စုကို (၁၀) နှစ်ကျော်
ဖမ်းဆီးထားပြီး အခုလည်း(၆) လထပ်ပြီး တိုးလိုက်တဲ့အပေါ် ဘယ်လိုသဘော ရပါသလဲလို့
မေးလာခဲ့ရင် သူတို့ဘယ်လို ပြန်ပြောကြမလဲဆိုတာ...တွေးကြည့်နေမိရင်းနဲ့ပဲ ‘ဆင်ဖြူမျက်နှာ
ဆင်မဲ မကြည့်သာ’ ဆိုတဲ့စကားကို ကျမပိုပြီး ခံစားနားလည်နေမိတယ်။ ကျမတို့ညတွေ---
ပိုပိုပြီးမှောင်နှင့် အခြားရသစာစုများ စာအုပ်တွင် ပြန်လည်ကောက်နုတ်ရေးသားထားပါသည်။

ကျမတို့ ညတွေ--ပိုပိုပြီးမှောင်နှင့် အခြားရသစာစုများ
Read more...

No comments:

Post a Comment