Tuesday, April 07, 2009

ဝေးနေချိန် အလွမ်းမီး

ဖေဖေကို သမီးငယ် အရမ်းလွမ်းတယ်။ ဖေဖေနဲ့ဝေးတဲ့ မြို့လေးတမြို့မှာ ဇာတ်မြုပ်ပြီး နေခဲ့ရတယ်။ ဖေဖေလည်း သမီးစာကို မျှော်နေမှာပဲနော်။ လူကြုံရှိတိုင်း ဖေဖေ သမီးတော့ စာရေးလာမယ်ဆိုတဲ့အတွေးနဲ့ သမီးကို မျှော်လင့်စောင့်စားနေမယ်ဆိုတာကိုလည်း သမီးယုံကြည်တယ်။

ဒါပေမယ့် ဖေဖေရယ်
သမီးရင်ထဲမှာ ပြောချင်သော စကားကို ဖေဖေဆီ မပို့နိုင်ခဲ့ပေမယ့် သမီးစာအုပ်ထဲမှာ ရေးပြီး သိမ်းဆည်းထားပါတယ်။ သမီးငယ်တယောက်ဟာ နို့ကိုဆာလောင်စွာ ငိုယိုတောင်းတ နေတဲ့အဖြစ်မျိုးတွေ ညပေါင်းတွေ မနည်းတော့ပါဘူးဖေဖေ။ တခါတလေ ဖေဖေရှိတဲ့ တောရွာကလေးကို ခဏတဖြုတ်အပြေးကလေးနဲ့ သွားချင်တယ်။

ဒါပေမယ့် ဖေဖေရယ်
ပြန်သွားတဲ့ ခဏသာမှာ ဖေဖေရင်ထဲမှာ ဘယ်လောက်အထိ ထိတ်လန့်ခြောက်ချ သွားခဲ့သလဲပေါ့။ သမီးအလုပ်ကို သိပြီး ဖေဖေရဲ့ ကြောက်လန့်စိတ်ဟာ သမီးသိပါတယ်။ ဖေဖေကြောက်နေပေမယ့် နိုင်ငံရေးအလုပ်ကို မလုပ်ပါနဲ့လို့ ဖေဖေတခါမှ မတားမြစ်ခဲ့ဖူးဘူး။ ဘာကြောင့်လည်းဆိုတော့ သမီးသိနေတယ်။ လူမျိုးအတွက် အလုပ်လုပ်နေတဲ့ သမီးတယောက်ကို ဖေဖေ အားပေးနေတယ် မဟုတ်လား။ သမီးပျော်ပါတယ်။

ဒါပေမယ့် ဖေဖေရယ်
ဖေဖေလည်း အသက်အရွယ်က ရလာပြီးဆိုတော့ ဖေဖေကို မေမေလိုပဲ ပြုစုပေးချင်တယ်။ အနားမှာနေပြီး ဖေဖေရဲ့ လိုအပ်မှုကို ဖြည့်ဆည်းပေးချင်တယ်။ ဖေဖေကို ကျွေးမွေးစောင့်ရှောက်တဲ့ သမီးတယောက်ဖြစ်စေချင်တယ်။

ဒါပေမယ့် ဖေဖေရယ်
ရက်စက်၊ ယုတ်မာ၊ ကြမ်းကြုတ်တဲ့ ခေတ်စနစ်ဆိုးကို သမီးရွံ့တယ်။ ပညာပြည်စုံအောင် ကြိုးစားပြီး တော်လှန်ရေး လှေငယ်နောက်ကို သမီး လှုပ်ရှားချင်တယ်။ သမီးတထောင့်တနေရာကနေ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေကို ကူညီချင်တယ်။ တခါတလေ ဖေဖေနဲ့အတူ ကြည်နူးချင်တယ်။ အရင်တုန်းက သမီးတို့ နေခဲ့ဖူးတဲ့ မိသားစုလို သမီးနေချင်တယ်။ ကလေးငယ်တယောက်လို နွဲ့ဆိုးလေး ဆိုးချင်သေးတယ်။

ဒါပေမယ့် ဖေဖေရယ်
နိုင်ငံတကာမှာ လူအခွင့်ရေးချို့ဖောက်မှု ဆင်းရဲတဲ့နိုင်ငံ၊ အဆိုးဆုံးဆိုတဲ့နိုင်ငံမှာ သမီးတို့ နိုင်ငံက နံပါတ် (၁) နေရာမှာ ရှိထားတယ်။ သမီး နားထဲမှာ မယုံနိုင်လောက်အောင်ဖြစ်နေတယ်။ ပထမ မျိုးဆက်သစ်တွေက နှစ်ပေါင်း (၅၀) တိုက်ခိုက်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ခေတ်စနစ်က မပြောင်းလဲနိုင်ခဲ့သေးဘူးဖေဖေ။ ဒုတိယ မျိုးဆက်သစ်အလှည့်ရောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သမီးက ကိုယ့်နိုင်ငံ အခြေအနေကို သိထားတဲ့ လူတယောက်ဖြစ်နေတယ်။ မျက်စိကို စုံမှိတ်ပြီး ခေတ်စနစ်ရဲ့ ဒဏ်ကို ခေါင်းငုံ့ပြီး ငကန်းတယောက်လိုမျိုးတော့ သမီးမနေချင်ဘူး။ “ဆင်ကန်းတောတိုး” သလိုတော့ သမီးအဖြစ်မခံချင်ဘူးဖေဖေရယ်။ နိုးတ၀က်တော်လှန်ရေးသမားဘ၀နဲ့ပဲ နစ်မြုပ်ပြီး ဖေဖေကို ထားရစ်ခဲ့တယ်ဆိုတဲ့ အဖြစ်မျိုးလည်း မဟုတ်ပါဘူး။

ဖေဖေနဲ့အဝေးဆုံးမှာပဲ သမီးပျော်ရွှင်အောင်နေတော့မယ်။ “ ပျော်ရာမှာမနေ တောရာမှာနေ” ဆိုသလို သမီးလက်ခံတတ်အောင် အမြဲတမ်းကြိုးစားမယ်။ ပျော်ရွှင်မှုတွေရအောင် သမီးကိုယ်တိုင်း ဖန်တီးမှ ရမယ်မဟုတ်လားဖေဖေ။

သမီးက ပျော်ရွှင်မှုကို နှစ်သက်လိုလားတဲ့ လူတဦးဖြစ်သလို တခြားသော လူတွေက သမီးလို ထပ်တူထပ်မျှပဲဆိုတာ ယုံကြည်တယ်။ လူဘ၀မှာ “ ပျော်ပျော်နေသေခဲပဲ” မဟုတ်လား။ သမီး အပျော်ရွှင်ဆုံးနေရာမှာ နေချင်သလို လွတ်လပ်ဆုံးနေရာကို နေချင်လည်းနေချင်တယ်။ ဒါပေမယ့် အဖော်မဲ့ခြင်းကို သမီးကြောက်နေမိတယ်။ အလိုချင်ဆုံးအရာဟာ ပျော်ရွှင်မှုရယ်၊ လွတ်လပ်မှုရယ်ပေါ့။ လိုချင်တပ်မက်မှုနှစ်ခုကို ရရှိအောင် သမီးဘာနဲ့ပဲ ပေးဆပ်ရပါစေ၊ သမီးတော့ ပေးဆပ်ဖို့ အသင့်ပါပဲ။ သမီးဆိုလိုရင်ကို ဖေဖေ နားလည်မယ်ထင်ပါတယ်။

တခါတလေ သမီးစဉ်းစားမိတယ်။ သမီး အမှန်တရားကို ဖော်ဆောာင်နေတဲ့ လူတယောက်ပါလို့ ကိုယ့်ကို သတ်မှတ်ကြပါတယ်။ သမီးအမှန်တရားကို လုပ်ရင် တခုခုကို ပေးဆပ်ရလိမ့်မယ်ပေါ့။ ဒါပေမယ့်သမီး တကယ်ပေးဆပ်နေတဲ့ လူတယောက်ဖြစ်နေရဲ့လားပေါ့။ တခါတလေ သမီးလုပ်နေတဲ့ အလုပ်ဟာ အမှန်တရားဆိုတာ တကယ်ဖြစ်ရဲ့လားပေါ့။ သမီးကို သမီးအကြိမ်ကြိမ် သုံးသပ်ခဲ့မိတယ်ပေါ့။


ဒါပေမယ့် အမှန်တရားကို ဖော်ဆောင်နေတဲ့အချိန်မှာ တစုံတရာကို သမီးပေးဆပ်နေသလိုပဲ။ ပေးဆပ်လိုက်ရတဲ့ တစုံတရာတခုကိုလည်း ဘယ်တော့မှ နောင်တမရှိရိုးမှန်ပဲ။ ဘာဖြစ်လည်းဆိုတောာ့ တချို့သော လူတွေဟာ အမှန်တရားကို ဖော်ဆောင်ပေးရုံတင်မကဘူး အသက်ပါ ပေးဆပ်ခဲ့တာပါပဲ။

အမှန်တရားကို ဖော်ဆောင်ဖို့ သမီးရဲ့ ရွာကလေးရယ် သမီးအရမ်းချစ်ခဲ့တဲ့ ဇာတိမြို့ကို စွန့်လွတ်လာခဲ့တယ်။ ဖေဖေနဲ့ သမီးလမ်းခွဲခဲ့တဲ့အချိန်မှာ သမီးအကြောင်းစုံကို မရှင်းပြနိုင်ခဲ့ဘူး။ သမီး ပညာရေးကို ဆက်လက်ချင်တယ်လို့ပဲ ပြောခဲ့တယ်နော်ဖေဖေ။


တကယ်တော့ ဖေဖေရယ်-- ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဟာ အရမ်းကို လူတဖတ်သာကို ချစ်လွန်ပြီး ဟိုမလုပ်ရ၊ ဒီမလုပ်ရပေါ့။ သမီးသွားတဲ့ နေရာမှာ ယောက်ျားလေးတယောက်တယောက်လိုက်သွားမှ သွားရတဲ့အဖြစ်မျိုးဖြစ်နေတယ်။ မိန်းကလေးဆိုတာ ဘယ်လိုနေရမှာလဲ။ ယဉ်ကျေးသိမ့်မွေ့ရခံကြတာပဲ။ သူတို့ခများ မသိရှာဘူး။ သိနေကြတဲ့ ယောက်ျားလေးတွေ အဲဒီဘောင်စနစ်ကို ကျော်နိုင်အောင် ကြိုးစားနေကြတယ်။ ဟောင်းနေတဲ့ ခေတ်စနစ်ပုံစံခွက်ထဲကို ထည့်သွင်းခံရတဲ့ ပုထုစဉ်လူသားတွေကို ကိုယ်ချင်းစားစေချင်ပါတယ်။ လူတိုင်းကတော့ ကိုယ့်ရဲ့ ဇာတိမြို့ကို အင်မတန်မှ တန်ဖိုးထားပြီး ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် သူရဲ့ ဘောင်စနစ်အောက်မှာ မနေနိုင်ခြင်းဟာ ဟန်ဆောင်မေတ္တာတရားလို့ သမီးသတ်မှတ်ကြတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ချစ်မိတဲ့အချစ်ဟာ လွတ်လပ်မှုတခုကို လိုချင်တယ်။ လွတ်လပ်မှုဆိုတာ သမီးတို့ အခွင့်အရေးကို လိုချင်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်လုပ်ချင်တဲ့ဟာတော့ မတားရဲ့ဘူး။ သမီးလည်း အရာရာတိုင်းကို အရမ်းအချစ်လွန်းပြီး လာတားတာမျိုးလည်း မလိုအပ်ဆုံးအရာတခုဖြစ်တယ်။ ဒါပေမယ့် ဖေဖေလည်း သမီးဘာတခုမှ မတားခဲ့ဖူးဘူး။ သမီး ဒီစာကိုရေးရင် စဉ်းစားနေမိတယ်။ ဖေဖေရဲ့ မသိစိတ်လား။ ဒါမှ မဟုတ်ရင် သမီးလွတ်လပ်ပါစေဆိုတဲ့ အတွေးမျိုးလာပေါ့။


ဖေဖေက သမီးကို နားလည်ပေးလို့ရပေမယ့် သမီးနေတဲ့ ပတ်ဝန်းကျင်မှာ သမီးကို နားလည်ပေးလို့မရဘူးဆိုတော့ ပတ်ဝန်းကျင်ကို ချစ်လျက်နဲ့ အေးအေးဆေးဆေးနဲ့ လမ်းခွဲခဲ့တယ်။ သမီး ပတ်ဝန်းကျင်နဲ့ နီးတဲ့ နေရာကို မနေချင်သလို နေချင်စိတ်လည်း မရှိဘူး။ တွယ်တာတဲ့ စိတ်ကလေးနှင့် ပတ်ဝန်းကျင် ပုံစံသွင်းနေတဲ့ ခွက်ကလေးကို ရောက်သွားမှာကြောက်တဲ့ သမီးဟာ သူနဲ့ဝေးရာကို ထွက်သွားခဲ့တယ်။

သမီးအဝေးဆုံးကို ရောက်နေတဲ့အချိန်မှာ ဖေဖေကို လွမ်းနေသလို သမီးရဲ့ ဇာတိမြို့သူ၊ မြို့သားကို တကယ်ပဲ မလိမ်ညာချင်ဘဲ တကယ်ပဲ လွမ်းခဲ့မိတာပဲ။ ညလေတညပေါ့။ အဲညက ဘာညလဲဆိုတော့ ပြသိုလရဲ့ အလွန်အေးစိမ့်တဲ့ ညတည မြူးနှင်းတွေဟာ သမီးနေတဲ့ နေရာတခုလုံးကို ရင်သိုင်း လွှမ်းခြုံပြီးနေတယ်။ အေးစိမ့်တဲ့ လေတွေဟာ အရာခပ်သိမ်းတို့ကို တိုးဝှေ့တိုက်ခိုက်နေတယ်။ အဲ့ဒီညဟာ လပြည့်ည မှန်သိသော်လည်း လမင်းကြီးဟာ မြူးနှင်းတွေ ရင်သိုင်းလွှမ်းခြုံနေ ပြည့်ပြည့်၀၀ ရွှန်းရွန်းပပ မလင်းနိုင်ရှာဘဲ မှုန်မှုန်ပျပျသာလင်းနေရှာတယ်။

သမီးဟာ လသာဆောင်မှာ မတုန်မလှုပ်ကျောက်ဆစ်ရုပ်တရုပ်လို အေးစက်စက်ကြီးရပ်နေမိတယ်။ ရေခဲတမျှ အေးစိမ့်တဲ့ လေတွေဟာ တကိုယ်လုံးကို တိုးဝှေ့တိုက်ခိုက်နေပေမယ့်လည်း သမီးဟာ ခံစားချက်မရှိသူတဦးလို ဖြစ်နေတယ်။ အရာခပ်သိမ်းကို မေ့ထားနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ တကယ်တော့ အဓိပါယ် မဲ့တဲ့ အလုပ်အချည်အနှီးလုပ်နေမိခြင်းမဟုတ်ဘူးဆိုတာ သမီးကိုသမီး အားပေးခဲ့သလို ကိုယ့်လုပ်နေတဲ့ အလုပ်ဟာ သမီးတဦးတယောက်အတွက် မဟုတ်ဘဲ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် အေးငြိမ်းဖို့အတွက် တိုက်ပွဲဝင်နေတယ်ဆိုတာကို သတိရှိဖို့ အမြဲတမ်း စမ်းစစ်ခဲ့တယ်။ ကိုယ့်မြို့၊ ကိုယ့်ရွာ အကြောင်းကို မေ့လိုသော်လည်း မေ့လို့မရ၊ မတွေးလို့သော်လည်း တွေးနေမိလို့ မဖြစ်ချင်တာတွေဖြစ် နေရတဲ့လူလောက ဘ၀ကို အဘယ်သူက ဆန့်ကျင် တိုက်ဖျက်နိုင်ပါ့မလဲနော်။


လေတိုးဝှေ့သံ တရှီးရှီးတရှဲရှဲက လှုပ်ခါ နာကျင်နေသော ရင်အစုံကို တိုးဝှေ့ကာ ပုတ်ခတ်နေပြန်တယ်။ နာကျင်နေသော နှလုံးသားတွင်း မြုံနေသည် အနာက ပြန်ထလာတယ်။ ပတ်ဝန်းကျင် အလှတရားတို့က ဖမ်းစားလေလေ အလွမ်းဝေဒနာတို့က ကျယ်ပြန့်လာလေလေဖြစ်တယ်။ ချစ်ခဲ့တဲ့ ဇာတိမြို့ကို လမ်းခွဲပြီးမှ လွမ်းမောခြင်းတို့က ဘာကြောင့်များ စိတ်ကို အနှောက်ယှက်ပြုရသလဲ၊ သမီးရဲ့ နှလုံးသားကို သံမဏိနှလုံးသားပါလို့ ကြွေးကြော်ထားပါလျက် တကယ်တမ်းတော့ နှလုံးသားဟာ ပျော့ပြောင်းနူးညံ့လျက်ပါ။

သဘာဝတရားကို ခံစားနိုင်ရယ် မျက်ရည်ကျစရာမလိုဘူး ကြေကွဲစရာမဘူးလို့ စိတ်ကို တင်းထားရတယ်။ သမီးရဲ့ ရွေးချယ်မှုကို နောင်တရပြီး တခြားလမ်းကို ရွေးချယ်လိုတာတော့ မဟုတ်ပါဘူး။ နောင်တဆိုတဲ့ ဝေါဟာရကို မရင်းနှီးသေးပါဘူး။ သမီးရွေးချယ်ခဲ့တဲ့ လမ်းကြောင်းဟာ မမှားသလို သမီးရှေ့ဆက်သွားရဦးမယ်။ ဖေဖေနဲ့ဝေးနေခဲ့ပေမယ့် တနေ့တော့ ဖေဖေနဲ့ အနီးဆုံးမှာ သမီးနေရအောင် ကြိုးစားသွားမယ်ဖေဖေ။ ဖေဖေရဲ့ အမှာစကားတစ်ခွန်းနဲ့ပဲ သမီးနေခဲ့တော့မယ်။ သမီး လိုချင်တဲ့ ပန်တိုင်းကို အရောက်လှမ်းပေးပါ။ သမီး လုံ့လ၊ ၀ိရိယ၊ ဇွဲရှိပါလို့ ဖေဖေမှာကြားချင်တယ်။ ဖေဖေ ပြောခဲ့တဲ့ စကားသံလေးဟာ သမီးရဲ့ ရင်ထဲမှာ အမြဲတမ်းရှိသလို၊ သမီးအားငယ်တိုင်း ဖေဖေရဲ့ အမှာစကားဟာ သမီးအတွက် အားဆေးတခွက်၊ ခွန်အားသစ်တရပ်ပါပဲဖေဖေ။

သမီးအဝေးတနေရာကနေပဲ ရှိခိုးဂါရ၀ပြုလိုက်ပါတယ်ဖေဖေ
၁၈-၂-၂၀၀၇

Read more...

No comments:

Post a Comment