Friday, April 24, 2009

အမျိုးသမီးအကြောင်းအတွေးအပိုင်းအစများ

အမျိုးသမီးတွေရဲ့ အမျိုးသမီးအခွင့်အရေးအရင်းအမြစ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် အားရစရာ ဘာတခုမှမတွေ့ရဘူးလို့ အချို့သောသူတွေက ပြောကြတာတွေ ရှိပါလိမ့်မယ်။ ကျမတို့ အမျိုးသမီးတွေအနေနဲ့လည်း ငြင်းစရာအကြောင်းမရှိပါဘူး။ လက်ရှိအခြေအနေမှာတော့ ပြောင်းလဲလာတာကို တွေ့မြင်နေရပါတယ်။


အမျိုးသမီးအဖွဲ့အစည်းတွေတည်ထောင်ပြီး ပြောင်းလဲရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေဟာလည်း မရေမတွက်နိုင်အောင်ပါပဲ။ ဒါကြောင့် လူမှုအသိုင်းအ၀ိုင်း တိုးတက်ပြောင်းလဲရေးဆောင်ရွက်မှု အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းဟာ မြင့်တက်လာနေတယ်လို့ ကျမအနေနဲ့ မြင်တွေ့မိပါတယ်။ တိုးတက်မှုများ ရှိလာရခြင်းဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ ဖိအားပေးတွန်းပို့လုပ်ဆောင်ခြင်း တစိတ်တပိုင်းကြောင့်လည်း ဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒီတိုးတက်ခြင်းများဟာ ကောင်းမွန်တဲ့ တိုးတက်ခြင်းတရပ်ပါ။ အခြေအနေ၊ အနေအထားတရပ်လုံး ပြုပြင်ပြောင်းလဲရေးကို ကျမတို့ဆိုကြတဲ့အခါ အမျိုးသမီးများရဲ့ အခြေအနေလည်း ပါဝင်နေတာပါ။

ကျမတို့အနေနဲ့ အချို့သောနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးသမ္မတတွေ၊ ၀န်ကြီးတွေအဖြစ် လူထုကို ဦးဆောင်တာကို ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။ (ဥပမှာ) ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ နိုင်ငံတွေရဲ့ ခေါင်းဆောင်အမျိုးသမီးတွေဟာ အတုယူစရာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အသိုင်းအ၀ိုင်းလောကမှာလည်း ပါဝင်လှုပ်ရှားမှုနှုန်း တိုးတက်နေတာတွေရှိပေမယ့် ဘ၀ဟာ တိုးတက်မြင့်မားနေပြီလို့ ပြောဖို့မလုံလောက်သေးပါဘူး။ အမျိုးသမီးတွေ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နဲ့ ပညာရေးနယ်ပယ်မှာ အမျိုးသားတွေနဲ့တန်းတူ ရင်ပေါင်တန်းနိုင်အောင်ဆက်လက်ကြိုးစားသွားရမှာက ကျမတို့အမျိုးသမီးတွေရဲ့ တာဝန်တရပ်ပဲ ဖြစ်ပါတယ်။ ကျမတို့ ဒီိလိုပြောလိုက်ခြင်းအားဖြင့် အမျိုးသားတွေအတွက် ရယ်စရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အမျိုးသားတွေအနေနဲ့ ကျမတို့ အမျိုးသမီးတွေရဲ့ ဘ၀ကို သေချာသဘောပေါက်အောင် လေ့လာကြည့်စေချင်ပါတယ်။

ကျမကြုံဖူးတဲ့ အတွေ့အကြုံတခုကို ပြောပြပါရစေ။ လူတစ်ယောက်က ကျမကို စိတ်ဝင်စားစရာ မေးခွန်းမေးလာတာ ရှိပါတယ်။ “လူ့အခွင့်အရေးတွေရှိထားရဲ့သားနဲ့ ဘာကြောင့် အမျိုးသမီးတွေက အမျိုးသမီးအခွင့်အရေးဆိုပြီး တောင်းဆိုနေရတာလဲ။ နောက်ပြီး နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ဘာကြောင့်ပါဝင်နေရတာလဲ” တဲ့။

ကျမတို့ အမျိုးသမီးအခွင့်အရေးကို တောင်းတယ်ဆိုတာ အမျိုးသားတွေကို တိုက်ခိုက်နေတာမဟုတ်ပါဘူး။ အမျိုးသမီးနဲ့ အမျိုးသား အခွင့်အရေးတန်းတူရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့ အမျိုးသမီးထုကြီးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေခြင်းပဲဖြစ်တယ်။ လက်တွေ့ဖြတ်သန်းနေရတဲ့ဘ၀မှာဆိုရင် အမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေးအစရှိတဲ့နေရာတိုင်းမှာ အမျိုးသားများရဲ့ ခွဲခြားဖိနှိပ်တာကို ခံနေရပါတယ်။ အမျိုးသားတွေဟာ တူညီတဲ့တာဝန်ယူမှုမရှိဘူးဆိုတာ လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူညီမျှမှုမရှိဘူး။ ဘယ်နိုင်ငံမှာမဆို အမျိုးသားတွေက အမျိုးသမီးတွေကို ထိန်းချုပ်ထားတဲ့ အနေအထားမှာ တွေ့ရတယ်။ ဘာသာရေးနဲ့ယဉ်ကျေးမှုနယ်ပယ်များမှာလည်း ယောက်ျားတွေက မိန်းကလေးထက် ပိုမိုမြင့်မြတ်ကြတယ်ဆိုတဲ့ တယူသန်အစွဲတွေရှိနေတာကို အခုလက်ရှိ မြင်တွေ့နေရပါသေးတယ်။

ကျမတို့ အမျိုးသမီးတွေဟာ စစ်ထဲမှာဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှု၊ လူမှုရေး၊ စီးပွါးရေးထဲမှာပဲဖြစ်ဖြစ် ပါဝင်နိုင်ခဲ့ပေမယ့် အကြမ်းဖက်ခြင်းခံနေရတုန်းပါပဲ။ အမျိုးသမီးကြိုးပမ်းမှုကြောင့် စီဒေါ (CEDAW) လို့ခေါ်တဲ့ အမျိုးသမီးများကို နည်းမျိုးစုံဖြင့်ခွဲခြားဖိနှိပ်မှု ပပျောက်ရေးစာချုပ် ပြဠာန်းထားခဲ့ကြတယ်။
စီဒေါလို့ပြောနေကြပေမယ့် ဒါကိုလက်မခံနိုင်တဲ့ အမျိုးသားတွေက အများကြီးရှိပါသေးတယ်။ ကျမတို့ တောင်းဆိုနေတဲ့ အမျိုးသမီးအခွင့်အရေးဆိုတာကလည်း ယောကျာ်းတွေထက် အခွင့်အရေးပေးရမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ တန်းတူညီမျှမှုကိုသာ ဆိုလိုချင်ပါတယ်။ စီးပွာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေး ဆုံးဖြတ်ချက်တွေချတဲ့နေရာစတဲ့ နယ်ပယ်တွေမှာ အမျိုးသမီးများအတွက် ခွဲခြားဆက်ဆံမှုမရှိဘဲ အမျိုးသားများနည်းတူပါဝင် နိုင်ရေးအတွက်ဖြစ်ပါတယ။် ဘာကြောင့် ကျမတို့ အမျိုးသမီးတွေ အမျိုးသားနဲ့ တန်းတူ အခွင့်အရေးအခန်းကဏ္ဍမှာ ကလေးလောက်တောင်မှ အခွင့်အရေးမရရှိကြလို့ပါ။ ဒီကဏ္ဍမှာ အမျိုးသမီးတွေလည်း ပါဝင်လှုပ်ရှားမှု အနည်းအကျဉ်းရှိလာနေရာမျိုးမရသေးတာအမှန်ပါပဲ။ ကျမတို့ တော်လှန်ရေးလှုပ်ရှားမှုကို ကြည့်မယ်ဆိုရင်လည်း အမျိုးသားများသာ ခေါင်းဆောင်များဖြစ်နေကြတယ်။ ယခုချိန်မှာ အမျိုးသမီးခေါင်းဆောင်တွေ ရှိလာပေမယ့်လည်း အရေအတွက်အားဖြင့်နည်းနေသေးတဲ့အပြင် မကြာသေးခင်ကမှ ဖြစ်ပေါ်လာတဲ့ ကိစ္စအသွင်တရပ်ဖြစ်နေတယ်။ ကျမတို့ အမျိုးသမီးအနေနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာအဆင့်များမှာ သူတို့ရဲ့ဆန္ဒများ တွန်းအားပေးလုပ်ဆောင်သွားမယ်ဆိုရင် ပိုသင့်မြတ်ပါလိမ့်မယ်။ ကျမတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာလည်း အမျိုးသမီးနဲ့အမျိုးသား အခွင့်အရေး အရမ်းကိုကွာခြားတာ တွေ့နေရပါတယ်။

မိသားစုထဲမှာ အမျိုးသားတွေ စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘူးဆိုတဲ့ အနေအထားမှာရှိနေကြတယ်။ အမျိုးသမီးတွေကတော့ အိမ်တွင်းမှုအလုပ်များ ဖြစ်တဲ့ ချက်ရေးပြုတ်ရေးကိုတာဝန်ယူ လုပ်ရတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေကို စိတ်ပျော်ရွင်မှုအတွက် ဖြည့်ဆည်းပေးရတဲ့ အရာတခုအဖြစ် မြင်တတ်ကြတယ်။ ကျမတို့ရဲ့ မျိုးဆက်အဆင့်ဆင့်က ကျင့်သုံးခဲ့ကြတယ်မို့လား။ အမျိုးသမီးများအတွက် မိမိတို့ ရဲ့လုပ်နိုင်စွမ်းရည်ကို အသုံးပြု၍ ခေါင်းဆောင်မှု နိုင်ငံရေးမှာ နည်းပါးလှပါပေတယ်။ ဒါကြောင့် ကျမတို့ပတ်ဝန်းကျင်ရိုးရာဓလေ့အစဉ်အဆက်တွေက ကျမတို့ကို အဆက်ဆက်အမွေပေးလာခဲ့တယ်။ အမျိုးသမီးဆိုရင် ယဉ်ယဉ်ကျေးကျေးနေရမယ် စတဲ့အယူတွေပေါ့။

ကျမတို့အမျိုးသမီးတွေရဲ့အမြင်မျိုး အမျိုးသားတွေရဲ့ရင်ထဲမှာ အမြင်အယူအဆများရှိလာရေးအတွက် ကျမတို့ အချိန်တွေအတော်ကိုယူရမှာဖြစ်တယ်။ ကျမတို့ အမျိုးသမီးတွေ လိုချင်တောင့်တနေကြတာက အမျိုးသမီးတွေအကြား စုစည်းစည်းလုံးမှုတရပ် ခိုင်မာလာရေးဖြစ်သလို ငြိမ်းချမ်းရေး၊ အမျိုးသမီးအခွင့်အရေးများကို အသိအမှတ်ပြုရေး၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နအဖ စစ်အာဏာရှင်စနစ်အုပ်ချုပ်မှု အောက်မှလွတ်မြောက်ရေး၊ စစ်တပ်လွှမ်းမိုးမှု၊ အထီးကျန်ဆန်မှုများနဲ့ တဦးနဲ့တဦးသံသယရှိဖွယ်များကို ကျော်လွှားနိုင်ရေး၊ ဒီမိုကရေစီရရှိရေးစသည်တို့အတွက် ကျမတို့အမျိုးသမီးများလည်း တစိုက်မတ်မတ် လက်တွဲသွားရမယ်။ ဒါမှသာ နောက်နောင် ကျမတို့အမျိုးသမီးတွေ လိုချင်ပန်းတိုင် အရောက်လှမ်းနိုင်ကြမယ်မဟုတ်လား။ Read more...

No comments:

Post a Comment