ရှေးအခါက မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသော လင်မယား ၂ဦးတွင် အဘလု အမည်ရှိသော သားတဦးရှိလေသည်။ အဘလုသည် နေ့စဉ်နှင့်အမျှ ဖခင်တောလိုက်ရာသို့ လိုက်ပါ၍ ကူညီလုပ်ကိုင် ပေးဖော်ရသည်။ သို့သော် အဘလုသည် အလွန်အသော သူငယ်ဖြစ်သဖြင့် သူကူညီသမျှမှ အရာမရောက်ပေ။
တနေ့တွင် သားအဖ၂ဦး တောပစ်သွားစဉ် ပစ်ခတ်ရမိသော သားကောင်းကို ဖျက်ရန် ဓါးပါမလာသဖြင့် အဘလုအား အိမ်သို့ ပြန်ယူခိုင်းလိုက်သည်။ အဘလုသည် ဓါးကိုပင် အမည်မမှတ်နိုင်သဖြင့် အိမ်အပြန်တလမ်းလုံး ဘုတ်၊ ဘုတ် (ပလောင်ဘာသာအားဖြင့် ဓါးကို ဘုတ် ဟုခေါ်သည်)ဟု ရေရွတ်လာသည်။ လမ်းတွင် သစ်ပင်ထက်မှ ကျီးများက အား၊ အား ဟု အော်သံကို ကြားသောအခါ ထိုအသံကို စိတ်ဝင်စားသွားပြီး အား၊ အားဟု ရွက်ဆို၍ အိမ်သို့ ပြန်လာလေ၏။ အိမ်တွင် မိခင်အား ဖခင်က အား၊ အား ယူခိုင်းလိုက်ဟု ပြောရာ မိခင်က နားမလည်၍ တခေါက်ပြန်မေးခိုင်းလိုက်လေ၏။ ဤတခေါက်တွင်လည်း လမ်းမှ ချိုးကူသံကို ကြားပြီး ဘုတ်၊ ဘုတ်ဟူသော အခေါ်အဝေါ်ကို မေ့သွားကာ ကူကူ ရွက်ဆို၍ ပြန်လာသဖြင့် မိခင်မှာ ဘာကို ပေးလိုက်ရမှန်းမသိဘဲ တခေါက်ပြန်လွတ်ရပြန်လေသည်။ ဤတွင် ဖခင်ဖြစ်သူမှာ စိတ်မရှည်နိုင်တော့ဘဲ အဘလုအား ရရှိထားသော သားကောင်ကို သူများမယူရန် စောင့်ရှောက်နေရစ်ရန်နှင့် ဆူညံခြင်းမပြုဘဲ တိတ်တိတ်နေရန် မှာထားခဲ့ပြီး ဓါးယူရန် ကိုယ်တိုင် အိမ်ပြန်သွားလေ၏။
ဖခင်ပြန်သွားလျှင် အဘလုသည် ခဏသာမျှ တိတ်ဆိတ်စွာနေသည်။ ပတ်ဝန်းကျင်မှ ကျေးငှက်များမြည်တွန်သံကိုကြားလျှင် သင့်တို့ ဆူမနေကြနဲ့၊ ကျနော်တို့ရဲ့ သားကောင်ကို သူများတွေလာယူကုန်ပါလိမ့်မယ် ဟုအော်ဟင်ငေါက်ငန်းနေသည်။ အဘလု၏ အသံကို အနီးအနားရှိအခြား မုဆိုးများကြားသွားသောအခါ အဘလုမှန်းသိ၍ သားကောင်ကို ဖျက်ပြီး ဝေယူသွားကြလေသည်။ ဖခင်ပြန်လာသောအခါ သားကောင်ကို မတွေ့ရဘဲ အရိုးနှင့်ဝမ်းတွင်း သားများသာ ကျန်တော့သည်ကို မြင့်တွေ့ရ၍ အဘလုအား မြည်တွန်တောက်တီးယင်း အိမ်သို့ ပြန်လာခဲ့ကြရလေသည်။
နောက်ရက် သားအဖ ၂ယောက် သားကောင်ကြီး တကောင်ပြန်ရသောအခါ ဖခင်က အဘလုအား သားကောင်ကို မစောင့်စေဘဲ အိမ်သို့ တတ်နိုင်သမျှ ပို့နှင့်စေလေသည်။ ပို့စေရာတွင် ဖခင်ဖြစ်သူက အဘလုအား သူများတွေတောင်းရမ်းလျှင် နည်းနည်းပါးပါးသာပေး ဟုမှာကြားလိုက်၏။ လမ်းတွင် ဆူးနှင့်ငြိသောအခါ အဘလုသည် အသားတောင်းသည်ဟုထင်ပြီး ဖခင်မှသည့်အတိုင်း အသားအနည်းငယ် ဖြတ်ပေးလိုက်လေသည်။ ခြံစည်းရိုး၊ သစ်ကိုင်းစသည်တို့နှင့်ထိမိတိုင်း ဖြတ်ဖြတ်ပေးခဲ့ရာ အိမ်သို့ရောက်သောအခါ ယူလာသောအသား အနည်းငယ်ပင် မကျန်တော့ပေ။
အဘလု၏မိုက်မဲခြင်းကို ဖခင်ဖြစ်သူသည် သည်းသည်းမခံနိုင်တော့သဖြင့် အိမ်မှ နှင်ချလိုက်လေ၏။ စဉ်းစားဆင်ခြင်ဥာဏ်နည်းသော အဘလုလည်း တောထဲသို့ရောက်သောအခါ ဟိုဟိုဒီဒီ ရှာမစားတတ်သဖြင့် တောထဲတွင် အစာပြတ်ပြီး သေဆုံးသွားလေသတည်း။
No comments:
Post a Comment