Monday, April 27, 2009

အိုးယိုတယ်


ရှေးအခါက ပလောင်စကားမတတ်သော မြန်မာကုန်သည် တယောက်နှင့် မြန်မာစကားမတတ်သော ပလောင်ကုန်သည်တယောက်သည် အတူတကွ ပူးပေါင်း၍ ခြေဟန်လက်ဟန်ဖြင့်ပြပြီး ပလောင်ကျေးရွာများသို့ ကုန်ရောင်းသွားကြလေသည်။

ထိုကဲ့သို့ သွားကြယင်း လမ်းခရီးတွင် သားရဲတိရိစ္ဆာန်ပေးများသော စခန်းတခုသို့ ရောက်သွားကြရာ ခရီးဆက်ရန်အချိန်လည်းမရှိသဖြင့် ထိုနေရာတွင် စခန်းချ၍ ချက်ပြုတ်စားသောက်ကြရန် ခြေဟန်လက်ဟန်ဖြင့် ပြောဆိုကြပြီး နှစ်ဦးသဘောတူ နားကြလေသည်။

ချက်ပြုတ်ရေး တာဝန်ကိုစီ ခွဲယူ၏။ ပလောင်ရေခပ်သွားသည်ဆိုလျှင် မြန်မာက မီးမွေးလေသည်။ ပလောင်က ဆန်ဆေး၍ မြန်မာက ထမင်းအိုးကိုတည်လေသည်။

ထမင်းအိုး မီးဖိုးပေါ်သို့ တည်လိုက်သောအခါ အိုးက အပေါက်ဖြစ်နေ၍ ရေများယိုကျကုန်သည်။ မီးမှာလည်း ငြိမ်းသွားလေသည်။ မြန်မာတယောက်က အိုးယိုသည်ဟု ပြောလေသည်။ အိုးယိုတယ်ဆိုသည်မှာ မြန်မာစကားအားဖြင့် အိုးမှာအပေါက်ရှိ၍ ယိုသည်ဟု အဓိပ္ပါယ်ရသော်လည်း ပလောင်စကားဖြင့်ဆိုလျှင် ငါကြောက်တယ် သည်ဟုအဓိပ္ပါယ်ရလေသည်။

ဤကဲ့သို့ မြန်မာက အိုးယိုတယ် ဟု ပြောသောအခါ ပလောင်မှာ ငါကြောက်တယ်ဟု ပြောသည်ထင်ပြီး မျက်လုံးပြူးမျက်ဆန်ပြူးနှင့် တောပတ်ဝန်းကျင်ကို ကြည့်နေလေရာ မြန်မာက စိတ်တိုလာပြီး အိုးယိုတယ်ဟု ထပ်အော်ပြောပြန်လေသည်။

ထိုအခါ ပလောင်အမျိုးသားသည် ပို၍ ကြောက်လာပြီး ပလောင်စကားဖြင့် အိုးမယို၊ မိုင်ယို၊ အိုင်ဒေါင် (ကျနော်လဲကြောက်၊ ခင်များလဲကြောက်၊ တို့နှစ်ယောက်ပြေးရအောင်) ဟုပြောပြီး ခြေဦးတည့်ရာသို့ပြေးလေသည်။

ပလောင်ပြေးသောအခါ မြန်မာလည်းသားရဲ တိရစ္ဆာန်များလာ၍ ပလောင်ပြေးသည်ဟု ထင်ပြီး အိုးခွက် ပန်းကန်များနှင့် ကုန်များကိုပင် မယူနိုင်တော့ဘဲ ပလောင်ပြေးရာသို့ လိုက်ပြေးလေတော့သည်။

Read more...

No comments:

Post a Comment