Wednesday, May 13, 2009

စိမ်းလန်းသော ကောင်းကင်ထက်က ကဗျာ


အမေလူထုဒေါ်အမာ နှစ်(၉၀) မြောက်မွေးနေ့ပွဲကို ကျမတက်ရတယ်။


“စိမ်းလန်းသောကောင်းကင် သို့မဟုတ် လူထူဒေါ်အမာ” လို့ရေးထားတဲ့နောက်ခံကားပေါ်မှာ ဆရာတင်ကိုကိုဦးရေးတဲ့ အမေမာပုံ စကက်ခ်ျ (Sketch) ကိုတွေ့ရတယ်။ မီးချောင်းအရောင်ပြာလွင်လွင်ရဲ့ အောက်မှာ မြင်ကွင်းဟာ ငြိမ်းချမ်းနေတယ်။


အခမ်းအနားမှူးက အစီအစဉ်ကို ကြေညာလိုက်တဲ့အခါမှာတော့ ကျမရဲ့အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် အချစ်ဆုံးအစ်ကိုတစ်ယောက်ရဲ့ အစီအစဉ် ဖြစ်နေတယ်။ လူထုဒေါ်အမာရဲ့မွေးနေ့ပွဲမှာ အမှတ်တရစကား လက်ဆောင်အဖြစ် “အကျဉ်းထောင်ထဲက ရှင်သန်နေသောကဗျာများ” ခေါင်းစဉ်နဲ့ သူပြောပါတယ်။ သူကိုယ်တိုင်က အကျဉ်းထောင်ထဲမှာ ၁၂ နှစ်နီးပါး ဖြတ်သန်းခဲ့ရသူပါ။


ကိုယ်တကယ် နာနာကျည်းကျည်းခံစားနေရတဲ့ ဝေဒနာတရပ်ကို ဘယ်သူမှ ရင်ဖွင့်ချင်ကြမယ် မဟုတ်ပါဘူး။ သို့သော်ငြားလည်း ရင်ထဲအသည်းထဲကကို မခံစားနိုင်လောက်အောင် ဖြစ်လာလို့ ရင်ဖွင့်တာမျိုး ရှိနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း တခုခုကို ပေးချင်လို့ မလွှဲမရှောင်သာ ရင်ဖွင့်လိုက်ရတာမျိုးလည်း ရှိနိုင်တယ်။


ပရိသတ်ကို ရင်ဖွင့်ပြောပြနေတဲ့အချိန်လေးမှာ သူ့ရဲ့အမူအရာ ဘယ်လိုဖြစ်နေလဲဆိုရင် အရမ်းကို နာကျင်နေတယ်၊ သူ့ရဲ့အတိတ်က ခံစားခဲ့ရတာတွေကို အခုပြန်ပြီးခံစားနေရသလိုပဲ။ သူ့အတွက်တော့ အဟောင်းတွေဟာ အကုန်လုံး အသစ်ဖြစ်သွားပြီးထင်ပါရဲ့။ သူ့ရဲ့ရင်ထဲက စကားသံလေးတွေနဲ့ သူ့ရဲ့အမူအရာဟာ ပရိသတ်တွေကို ငြိမ်သက်သွားစေတယ်။ ဒါဟာ သူ့ရဲ့အစွမ်းအစတခုလို့ ပြောလို့ရသလို သူ့ရဲ့နှလုံးသားက ဖြစ်ပေါ်လာတဲ့ အလွန်ခါးသည်းတဲ့ အတွေ့အကြုံတွေကို သူ့ရဲ့နေရာကို ကျမ ခဏ၀င်ကြည့် ကြည့်မိတယ်။ တပြိုင်နက်တည်းမှာ သူဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းကို ကျမ တကယ်ဖြတ်ရမယ်ဆိုရင် သူ့ကိုပဲ ကျမခံနိုင်စွမ်းရှိမှရှိပါ့မလားလို့တွေးနေမိတယ်။


ကျမသူငယ်ချင်းပြောသွားတဲ့ ဘ၀ငရဲခန်းဟာ လူသားတိုင်းအတွက် စိတ်ကူးထဲမှာတောင် မရောက်သင့်တဲ့ နေရာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို တခြားလူတွေကတော့ ကြားဖူးချင်ကြားဖူးကြ လိမ့်မယ်။ ကျမအတွက်တော့ လုံးဝ အသစ်အဆန်းတခုပါပဲ။ သူပြောနေတဲ့အချိန်မှာ ကျမနှလုံးသားတခုလုံး ကြေမွသွားသလို ခံစားမိတယ်။ တခါတခါမှာ အသက်ရှူမိပြီး တခါတခါမှာ အသက်မရှူမိလိုက်ဘူး။ အမှန်ပါပဲ။ သူ့ရဲ့ပြောဆိုချက်အရပေါ့။


သူဘာကြောင့် ဒီအခန်းလေးထဲမှာ နေခဲ့ရသလဲ။ သူ့ရဲ့ တောင်းဆိုချက်က ဘာလဲ။ သူ့ရဲ့ အိမ်မက်ကဘာလဲ။


ကျမသိသလောက်တော့ သူလိုချင်တာဟာ ငြိမ်းချမ်းရေးဖြစ်တယ်။ သူချစ်တာဟာ ငြိမ်းချမ်းရေးဖြစ်တယ်။ ငြိမ်းချမ်းရေးကို အရမ်းချစ်တော့ ငြိမ်းချမ်းရေးမရှိတဲ့ ကျမတို့မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးရအောင် သူ့တဘ၀လုံးပေးပြီး လှုပ်ရှားနေသူ တစ်ဦးဖြစ်ပါတယ်။ လှုပ်ရှားမှု လုပ်လာရင်းနဲ့ ငြိမ်းချမ်းရေးကို အသည်းအသန်ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်တွေက သူ့ကိုဖမ်းဆီးပြီး အဲဒီငရဲခန်းထဲကို ပို့ပစ်လိုက်တာပါ။


ကျမအနေနဲ့ပြောရရင် သူဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းအတွေ့အကြုံတွေဆိုတာ ဂုဏ်ယူစရာပါ။ ကိုယ့်လူမျိုးအတွက် ကိုယ့်တိုင်းပြည်အတွက် ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုက်ပွဲဝင်ရင်း သူအဖမ်းခံခဲ့ရတာပါ။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်လို့ ပြောနေပြီး။ အမှန်တကယ် ငြိမ်းချမ်းရေးကိုရရှိအောင် လှုပ်ရှားဆောင်ရွက်နေသူတွေကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ထဲဆွဲထည့်နေတယ်။


ဒါတွေကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရပြောတဲ့စကားတွေဟာ တရားနည်းလမ်းကျသေးရဲ့လားလို့ ကျမတယောက်ထဲ မေးဖြစ်နေတယ်။ အခုတော့ နေရာတကာမှာ ဆိုင်းဘုတ်ကပ်ထားပြီး ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ အရာရာကိုတားမြစ်ထားတယ်။ သိုတို့ရဲ့ဆိုင်းဘုတ်တွေကို ကြည့်လိုက်ရင် အရမ်းကိုလှပနေပါရဲ့။ ‘ပြည်သူ့သဘောထား’ တဲ့။ တကယ်ပဲ ပြည်သူ့သဘောထားအစစ်အမှန် ဟုတ်မဟုတ်ဆန်းစစ်ပြီး မေးကြည့်လိုက်ချင်ပါတယ်။ “ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နှောက်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ၊ ပြည်တွင်းပြည်က အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ” စတဲ့ စကားလုံး တွေပေါ့။ ပြည်သူလူထုကို ကာကွယ်တာမဟုတ်ဘဲ သူတို့ကိုယ်သူတို့ ဥပဒေတွေထုတ်ပြီး ကာကွယ်နေကြတာပဲမဟုတ်ဘူးလား။ ဒါတွေထားလိုက်ပါတော့။ သူတို့အကြောင်းကို ပြောမယ်ဆိုရင် ကိုယ့်ရဲ့တသက်စာတောင် ပြောလို့ကုန်နိုင်တော့မယ် မဟုတ်ပါဘူး။


သူငယ်ချင်းရဲ့ ပြောပြချက်အရဆိုရင် ထောင်တွင်းမှာနေခဲ့ရစဉ်တုန်းကပေါ့။ နေရတဲ့ အခန်းကျဉ်းလေးဟာ (၈)ပေ ပတ်လည်၊ နေရတဲ့ လူဦးရေက (၆)ယောက် (၇)ယောက်။ အခန်းကျဉ်းလေးထဲမှာ သောက်ရေတအိုးရယ်၊ မိလ္လာသွားဖို့ ဂန်ဖလားတလုံးရယ်၊ ခင်းအိပ်ဖို့ ဖျာစုတ်တစ်ချပ်ရယ်။ ပြီးတော့ ထမင်းစားတဲ့နေရာ၊ အိပ်ရမယ့်တနေရာထဲပဲ အတူတူဖြစ်နေတယ်။ အခန်းကျဉ်းထဲမှာ ဘယ်လိုနေရသလဲဆိုရင် မျက်စေ့ထဲမှာ မြင်ယောင်ကြည့်လို့ရပါတယ်။ အိပ်တဲ့အချိန်မှာ ဆန့်ဆန့်ရန့်ရန့် အိပ်လို့မရဘူး။ ဘာဖြစ်လဲဆိုတော့ သူငယ်ချင်းတွေအိပ်ဖို့နေရာ မရှိတော့လို့ပေါ့။ အခန်းကျဉ်းလေးရဲ့ အခြေအနေကို ခန့်မှန်းကြည့်လို့ ရပါတယ်။ အရာရာတိုင်းဟာ အကန့်အသတ်တွေချည်းပဲ၊ စစ်ထောက်လှမ်းရေးရဲံ အမိန့်သံတွေသာ အရာရာကို စိုးမိုးနေတော့တယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကျန်းမာရေးကိုအရမ်းထိခိုက်စေနိုင်ပါတယ်။ နေရာက အကန့်အသတ်၊ ရေက အကန့်အသတ်၊ အသက်ရှုဖို့လေတောင် အကန့်အသတ်နဲ့ ဖြစ်နေတော့မှာပါ။ သောက်ဖို့နဲ့၊ မျက်နှာသစ်ဖို့ရေတအိုးနဲ့ လုံလောက်မှုမရှိ၊ စောင်အပြည့်အ၀မရှိ၊ ခြင်ထောင်မရှိ၊ အောက်အခင်းမရှိ၊ သံမံသလင်းပေါ်မှာအိပ်ရ၊ တခါတလေ ဟင်းမပါတဲ့ ဆန်နီနီကြမ်းကြမ်းထမင်းကို စားရ၊ အသက်ရှူဖို့အောက်စီဂျင်တောင် ရှားရှားပါးပါး၊ မီးရောင်မရှိသော အခန်းများနဲ့ မှောင်မိုက်နေတဲ့နေ့ရောက်များ။


နိုင်ငံရေးအကျဉ်းသားတွေမှာလည်း ပုဒ်မ အမျိုးမျိုးရှိတယ်။ ထောင်ထဲရောက်ရောက်ချင်း ပုံစံအင်္ကျီဝတ်ရတယ်။ ဆံပင်ကအစ ပုံစံဆံပင် ထားကြရတယ်။ ထောင်ဒဏ် ၅ နှစ် ၁၀ နှစ် အနှစ် ၂၀ အနှစ် ၄၀၊ ပြီးတော့ မျှော်လင့်ချက်မရှိနိုင်လောက်တဲ့ တသက်တကျွန်းနဲ့ သေဒဏ်။ ထောင်ထဲရောက်တော့လည်း ပြစ်မှုတခု ထပ်ရှိပြန်သေးတယ်။ အုတ်၊ ကျောက်ခဲ၊ ကျောက်တုံး စတာတွေ သယ်ရတယ်။

ထောင်ထဲမှာ ချမှတ်ထားတဲ့ ထောင်စည်းကမ်းဆိုတာကလည်း အရမ်းကို လူအဆန်တဲ့စည်းကမ်းတွေပါ။ မိသားစုနဲ့တွေ့ရတဲ့ အချိန်တောင် အကန့်အသတ်နဲ့တွေ့ရတယ်။ ၁၅ မိနစ်ပဲ တွေ့ရတယ်။ သေရေးရှင်ရေး ကိစ္စပဲ ပြောနေနေ၊ ၁၅ မိနစ်ပြည့်ရင်တော့ ချက်ချင်းဆွဲထုတ်တယ်။ နေရောင်ကို ကြည့်ဖို့ လမ်းလျှောက်ဖို့တွက်က တနေကုန်မှ ၁၅ မိနစ်တဲ့။ သူတို့ ကြည့်မရတဲ့သူတွေဆိုရင် မိသားစုနဲ့တောင် တွေ့ခွင့်မပေးတော့ဘူး။ တယောက်နဲ့တယောက် စကားသိပ်ပြေပိုင်ခွင့်မရှိဘူ။ ပြောတာကိုတွေ့ရင် ထောင်တွင်းပြစ်ဒဏ် အပေးခံရသေးတယ်။ ဥပမာ ထောင်ပြောင်းပစ်တာ၊ အရိုက်ခံရတာ၊ တိုက်ပိတ်တာ၊ ပုံစံမောင်းတာ၊ ထောင်ထပ်ချတာ အမျိုးမျိုးပါပဲ။ ထောင်ထဲမှာ နေရတာဟာ တိရိစ္ဆာန်တကောင်ကို လှောင်ချိုင့်တခုထဲသွင်းထားသလိုမျိုးလို့ ခံစားမိတယ်။ ထောင်ထဲကနေထွက်မပြေးနိုင်အောင် ခြေထောက်မှာ ခြောက်ကီလိုခွဲလောက်ရှိတဲ့ သံခြေကျင်းကို တပ်ပေးထားတယ်။ ဒီလောက်လေးတဲ့ အလေးချိန်ကို တပ်ဆင်ထားရတဲ့သူဟာ ကြာကြာနေရင် အောက်ပိုင်းပါချည့်သွားတတ်တယ်။ ခြေထောက်မှာ ခြေကျင်းတပ်ဆင် ရုံတင်မကပါဘူး။ သူတို့နေတဲ့အခန်းက ဘယ်နှစ်ခန်းမြောက်လဲဆိုတာ တော်ရုံနဲ့ မသိနိုင်အောင် သော့ခလောက် (၁၀) ခု ဖွင့်မှ နိုင်ငံရေးအကျဉ်းသားတွေဆီ ရောက်ရှိနိုင်အောင် လုပ်ထားပါတယ်။ ရွှေကိုဖွက်ထားသလို ဖြစ်နေတယ်။ ပြီးတော့ လူတွေကို နှိပ်စက်တာ မဟုတ်ပါဘူး။ ခေါင်းပေါ်ကို ရေတစက်စက်ပေးကျတယ်။ ရက်နဲ့ ချီလာရင် ဦးနှောက်ပါထိခိုက်နိုင်တယ်။ ရိုက်နှက်ပြီး စစ်ဆေးတယ်။ ရိုက်တဲ့အချိန်မှာလည်း ဘာကိုမှမစဉ်းစားဘူး၊ ဦးနှောက်ပျက်သွားမလား၊ သေသွားမလား လုံးလုံးထည့်မတွက်ဘူး။ စိုးရိမ်စိတ်မရှိဘူး။ ရိုက်ချင်သလို ရိုက်တယ်။ စစ်အာဏာတွေ မေးတာကို အဖြေရဖို့ အဓိကဖြစ်နေတယ်။ မဖြေမချင်း နှိပ်စက်တော့တာပဲ။


နောက်တခု အရေးကြီးဆုံးအချက်ကတော့ အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို သူတို့ချစ်တဲ့ ကမ္ဘာနဲ့ အဆက်သွယ်ပြတ်သွားအောင် ဖြတ်လိုက်ခြင်းပါပဲ။ သူများနိုင်ငံက ထောင်တွေမှာဆိုရင် ကြားဖူးကြည့်ဖူးသမျှဆိုရင်တော့ စာဖတ်ခွင့်ရှိတယ်။ နောင်တချိန် ထောင်ကနေထွက်သွားရင် လက်မှုပညာတခုခုတော့ သူတို့ကို သင်ပေးလိုက်တယ်။ ကျမတို့ မြန်မာပြည်က ထောင်တွေကတော့ စာဖတ်ခွင့်မရှိ၊ စာရေးခွင့်မရှိ၊ ခဲတံတိုလေးတစ်တိုတောင် ပိုင်ဆိုင်ခွင့်မရှိ၊ တကယ့်ကို အစီအစဉ်ရှိရှိဖြတ် တောက်ထားတာပါ။


မြန်မာနိုင်ငံမှာ အကျဉ်းသားတစ်ယောက်အဖို့ အကျဉ်းထောင်ဆိုတာ တကယ့်ပဲ ဘာမျှော်လင်းချက်မှ မရှိတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့်လို့လည်း သူတို့တတွေဟာ ထောင်ထဲမှာ ဘယ်လောက်ပဲ ဒုက္ခနဲ့ ကြုံတွေ့နေပါစေ။ နိုင်ငံရေးစိတ်ဓါတ်ကို ခိုင်ခိုင်မြဲမြဲ ဆက်ပြီးဆုပ်ကိုင်ထားတယ်။ ဘယ်လိုမှ လျော့မပစ်ကြဘူး။ ပြီးတော့ အတွေ့အကြုံတွေ ဖလှယ်ခွင့်၊ နားထောင်ခွင့်တွေ ပိတ်ထားတဲ့ကြားထဲကပဲ သူတိုတတွေဟာ တခြားသောနည်းလမ်းတွေနဲ့ မရရအောင် သူတို့ အချင်းချင်းဖလှယ်ကြတယ်။ ထောင်သင်စာထုတ်လာတဲ့ ပလပ်စတိတ်အိပ်တွေကို ရေစင်အောင်ဆေးပြီး ကြိုတွေဆဲ့ကြ အိတ်ကလေးတွေလုပ်ကြနဲ့ အမျိုးမျိုးပေါ့။


ကဗျာလေးတွေရေးကြ၊ စာလေးတွေရေးကြ ဂိတသံစဉ်ရှာပြီး ရေးထားတဲ့ကဗျာတွေ သီချင်းတွေဖန်းတီးကြ၊ သူတို့ဟာ ဖြစ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ပညာရှာဖွေကြတယ်၊ ဒါဟာလည်း အားကျစရားတစ်ခုပါပဲ၊ သူတို့ကိုကြည့်ပြီး ကျမတို့တတွေလည်း ပိုပြီးအားတတ်လာမိတယ်၊ အပြင်ဘက်မှာဆိုတော့ ပိုပြီးလှုပ်ရှားနိုင်တာပေါ့။ ကျမတိုအတွက် ဘာမှအတားအဆီးအပိတ်အပင်မရှိဘူး။


ကျမတို့ စုပေါင်းလုပ်ဆောင်ခြင်းကို အတူတကွ လက်တွဲပြီး လုပ်ဆောင်သွားမယ်ဆိုရင် တနေ့တော့ ဒီမိုကရေစီဆိုတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာသေချာတယ်။ ထောင်ထဲက အတွေအကြုံတွေကို ရှင်ူးပြသွားတဲ့ သူငယ်ချင်းကိုလည်း အရမ်းပဲ ကျေးဇူးတင်မိပါတယ်။ ကျမကိုယ်တိုင်လည်း တကယ်အားတတ်ခဲ့မိတာ အမှန်ပါ။ ကျမတို့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းစိမ်းလန်းသောကောင်းကင်တွေကို ဘယ်လိုဒုက္ခတွေပဲ ကြုံကြုံ၊ ဘယ်အခတ်အခဲနဲ့ပဲ တွေ့တွေ့ ဘယ်လောက်ပဲကြီးကြီး ကျမတို့ မရရအောင် တည်ဆောက်ကြရမှာပါ။


ဇွဲမလျော့ပဲ ကိုယ်လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်သွားရမယ်လို့ အပြန်လမ်းမှာ ကိုယ့်ကိုယ်ကို ကတိ အကြိမ်ကြိမ်ပေးရင်းပေါ့။

Read more...

No comments:

Post a Comment