(၁)
ပုထုစဉ် လူသားတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်မဟုတ်လား။ မျှော်လင့်ချက်မရှိတဲ့ လူတွေအတွက် ဘာတွေနဲ့ အသက်ရှင်ကြမလဲ။ အသက်ရှင် နေရဲ့သာ ဘ၀က သေဆုံးနေတယ်။ မြန်မာနိုင်ငံမှာနေလဲ ဘ၀က တည်ငြိမ်မှု မရှိဘူး။ တခြားသော အိမ်နီးနားချင်း နိုင်ငံကို အလုပ်သွားရှာပြန်တော့လည်း ဘ၀ရဲ့ ရပ်တည်ရေးဟာ မတည်မငြိမ် ဖြစ်နေတယ်။ လွန်ခဲ့သော ၁၆ရက် ၂၊ ၂၀၀၇ခုနှစ် အဖြစ်အပျက်ကို ကျမတွေ့ရတော့ အရမ်းကို ၀မ်းနည်းခဲ့မိတယ်။ အရမ်းလဲ ကြောက်လှန့်သွားတယ်။
(၂)
ကျမ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး အပြင်ကို သွားခဲ့ပါတယ်။ ကျမ လမ်းတ၀က်တောင် မရောက်သေးပါဘူး။ ကျမတို့ မြန်မာအလုပ်သမားတွေက လမ်းမပေါ်မှာ လမ်းလျှောက်လာတာကို တွေ့ရှိရတယ်။ ကျမ စိတ်ထဲမှာ ချီတက်ပွဲ လုပ်တာလာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ချီတက်ပွဲ ပြုလုပ်ကြမယ်လို့ သတင်းရထားတယ်။ သူငယ်ချင်းတယောက်ကိုသွားမေးကြည့်တော့---
“ပုလိပ်က အရပ်သားဝတ်စုံနဲ့ မနက်အစောကြီး စက်ရုံမှ တရားမ၀င်သော အလုပ်သများတွေကို လာဝင်ဖမ်းတယ် ဘယ်သူမှ ပြေးမလွတ်ကြဘူး။ အိမ်နောက်ပေါက်၊ အိမ်ရှေ့တခါးပေါက်မှာလည်း သေနတ်နဲ့ ၀ိုင်းစောင့်နေတယ်။ သူငယ်ချင်း လက်မှတ်မရှိရင် မသွားနဲ့နော်။ ဖမ်းသွားမှာကြောက်တယ်။ ဖမ်းသွားရင် သတို့က မြ၀တီ ကမ်းနားမှာ ပြန်သွားလွတ်ပြီး အိမ်ပြန်ခိုင်းတယ် သူငယ်ချင်း--ဒုက္ခရောက်လိမ့်မယ်”။
(၃)
ကျမလဲ အရေးကြီးတဲ့ ကိစ္စဆိုတော့ မသွားလို့ မရဘူးဖြစ်နေတယ်။ ကြောက်လဲ အရမ်းကို ကြောက်တယ်။ စစ်တပ်ကား (၁၀)စီးလောက် လမ်းမတနေရာမှာ ရပ်ထားတယ်။ ပြီးတော့ အလုပ်သမားတွေကို စက်ရုံ တရုံပြီးတရုံ လိုက်ဖမ်းနေတာကို တွေ့ရှိရတယ်။ ဆိုင်ကယ်၊ ကားကြတော့ သူတို့ မဖမ်းပါဘူး။ ဒါပေမယ့် ကျမ သွားနေပေမယ့် ကြောက်စိတ်ကတော့ ရှိနေတယ်။ မျက်နှာတခုလုံး သွေးတွေ ခန်ခြောက်ပြီး ဖြူဖတ် ဖြူရော်ဖြစ်လာတယ်။ ကျမသိထားတဲ့ ဘုရားစာတွေ အကုန်လုံး ရွတ်ဆိုနေတယ်။ တရားမ၀င်သော အလုပ်သမားတွေ နေ့စဉ်နေ့တိုင်း ကြုံတွေ့ခံစားနေရသော အဖြစ်အပျက်တခုဖြစ်နေတယ်။ ကျမ အပြင်သွားတိုင်း မျက်စိကို အမြဲတမ်း ကစားပေးရတယ်။ ပုလိပ်တွေ နေရာတိုင်းမှာ စောင့်နေတယ်။ သူတို့ စောင့်တတ်သော နေရာကို အမြဲတမ်း ချောင်းကြည့်ပြီးမှ ဖြတ်သွားရဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိ မလျင်ရင် ပုလိပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရတယ်။
ကျမ အလုပ်သမားတွေကို အများကြီး ဖမ်းဆီးထားတာကို ဒါပထမဦးဆုံး တွေ့ဆုံခြင်းဖြစ်သလို ကျမအတွက် ခြိမ်းခြောက်မှု တခုဖြစ်နေတယ်။ သူငယ်ချင်းဆီ ညနေ သတင်းပြန်သွားယူတော့--“ကျမတို့ ရပ်ကွက်မှာ (၁၈၊ ၂၊ ၂၀၀၇)ရက်နေ့မှာ ပုလိပ်တွေ ၀င်ဖမ်းဖို့ သတင်းရထားတယ်။ သူငယ်ချင်းတို့ သတိထားဦး”
(၄)
ကျမအတွက်ရော၊ သူငယ်ချင်းတွေအတွက်ပါ ခြိမ်းခြောက်မှု တခုလို ဖြစ်နေတယ်။ ကျမ ညရောက်ရင် ပိုကြောက်လာတယ်။ တခါမှ မကြောက်ဖူးတဲ့ အကြောက်မျိုးဖြစ်နေတယ်။ အိမ်မှာ နေ့ရော၊ ညပါ လူမရှိသလိုနေပေးရတယ်။ ညရောက်ရင် ခါတိုင်းလို ခေါင်းရင်းနားမှာ ကားသံကြားနေရပါတယ်။ ဒါပေမယ့် အခုညတွေဟာ ကားရပ်သံကြားရင် ပုလိပ်ကားလာလို့ ရင်တထိပ်ထိပ်ဖြစ်နေရတာ အမှန်ပ၊ သူငယ်ချင်းတွေ နည်းနည်း စကားသံ ကျယ်ကျယ်ပြောရင် အရမ်းကို စိတ်ဒေါသဖြစ်ပြီး အရမ်းလည်း စိုးရိမ်ကြောက်စိတ်ဖြစ်နေမိတယ်။ ကျမရဲ့ ကြောက်စိတ်ကပဲ လွန်ကဲနေတာလား။ ဒါမှမဟုတ် အရမ်းကိုပဲ စိုးရိမ်စိတ်လွန်အားကြီးတာလာပေါ့။ အိမ်ရဲ့ မနီးမဝေးမှာ ပုလိပ်ကလည်းရှိထားတယ်။ ဘယ်နေ့ လာဖမ်းမလဲဆိုတာ အမြဲတမ်းတွေးနေတယ်။ သွားသတိ၊ စားသတိ၊ အိပ်သတိ၊ လာသတိဖြစ်နေတယ်။ အပြင်ထွက်တာတောင် လုံခြုံမှု မရှိဘူးဖြစ်နေတယ်။
(၅)
ခြိမ်းခြောက်မှုက ဘယ်လောက်အထိဖြစ်နေလဲဆိုရင် အိပ်မက်ထဲမှာတောင် လာခြိမ်းခြောက်နေတယ်။ ပုလိပ်တွေက လာဖမ်းတယ်လို့ အိပ်မက်မက်တဲ့အချိန် ခြေထောက်ကွေးပြီး အိပ်မိတယ်နဲ့တူတယ်။ ပုလိပ်ပြေးမယ်ဆိုပြီး ဘယ်လိုမှ မပြေးနိုင်ဘူး ဖြစ်နေတယ်။ အရင်တုန်းက ကျမကြောက်စိတ်က သိပ်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပုလိပ်တွေဖမ်းရင် သတင်းပေါင်းစုံကြားနေရတယ်။ အခုတော့ ဘာသတင်းမှမကြားရဘဲ အရပ်သားဝတ်စုံနဲ့ လာဖမ်းတယ်ဆိုတော့ အတော်လေးကို ကြောက်မိတယ်။
(၆)
ပုလိပ်တွေက တခါတလေ လူတွေကို အများကြီး ဖမ်းဆီးထားတယ်။ တခါတလေ မိန်းမချောလေးတွေ တွေ့ထားရင် ဖျက်စီးပစ်တယ်လို့ သတင်းကြားရတယ်။ ပိုက်ဆံကိုတွေ့ရင် ယူထားလိုက်တယ်။ ပစ္စည်းကောင်းကောင်းတွေ့ရင်လည်း မချန်ထားဘူး။ ကျမတောင် တနှစ်တခါ ပုံမှန်ကြုံတွေ့နေရတယ်။ စရောက်တုန်းက တခါဖမ်းခံထိဖူးတယ်။ စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။ နောက်တော့ ထိုင်းလူကြီးတွေက လာခေါ်တယ်။ ပိုက်ဆံပေးရတာပေါ့။ ဒုတိယတခါလဲ ချင်မိုင်းတက်မယ်ဆိုပြီး သူများအိမ်မှာ ကားသွားစောင့်တယ်။ အဲ့ဒါနဲ့ အရပ်သားဝတ်စုံနဲ့ လာဝင်ဖမ်းတယ်။ ပိုက်ဆံတွေ အများကြီး ပေးလိုက်ရတယ်။
နောက်ပြီး သိပ်မကြားသေးပါဘူး။ ကျမ သူငယ်ချင်းတယောက်နဲ့ ဆေးခန်းက အပြန်မှာ မှောင်စပြုနေပြီး အချိန်ပေါ့။ သစ်ပင်က ကွယ်ထားတော့ ပုလိပ်ရှိမှန် မသိဘူး။ သစ်ပင်အောက်ရောက်တော့ ပုလိပ်တွေက စောင့်ထားနေတယ်။ အဲ့ဒါနဲ့ သူငယ်ချင်းတယောက်ကို မေးပါလေရော။ သူငယ်ချင်းက ဘာမပြောဘူး။ “ ဘတ်ရှိလား၊ လက်မှတ်ရှိလား” ကျမလည်း မရှိဘူးလို့ ထိုင်းစကား မပီကလာနဲ့ ဖြေလိုက်တယ်။ ကျမကြောက်လည်း အရမ်းကြောက်တယ်။ အရမ်းလည်း မှောင်နေပြီ။ ပုလိပ်က ကျမ အိတ်ကို တောင်းစစ်တယ်။ ကျမ မပေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပိုက်ဆံတွေ ထည့်ထားတယ်။ ကျမကို ဟိုမေးဒီမေးတယ်။ နေမကောင်းဘူးလို့ ပြောလိုက်တယ်။ ဖျားရင် အိမ်ပြန်ပါ။ သူငယ်ချင်းကိုတော့ ပုလိပ်ရုံး လိုက်သွားခိုင်းတယ်။ ကျမ သူငယ်ချင်းတယောက်ထဲ ဘယ်လွတ်နိုင်မှာလဲ။ သူတို့အထားကို သိနေတယ်။ အိတ်ထဲမှာ ပိုက်ဆံ နှစ်ထောင်တွေ့တယ်။ အဲ့ဒါနဲ့ ပိုက်ဆံ တစ်ထောင်တောင်းရော။ ကျမလဲ မသိချင်ယောင်ဆောင်ပြီး ထိုင်းလို နားမလည်ဘူးလို့ ပြောလိုက်တယ်။ နားမလည်ရင် ပုလိပ်ရုံးကို လိုက်ခဲ့ပါ။ ကျမလည်း မလိုက်နိုင်ဘူးလို့ ပြောလိုက်တယ်။ မလိုက်ရင် ပိုက်ဆံပေးတဲ့။ ကျမလည်း စိတ်မရှည်တော့ ဘယ်လောက်လည်းလို့ မေးတော့ ဘတ် ၁၀၀၀တဲ့။
(၇)
အိုး----နည်းနည်းနှောနှော ပိုက်ဆံမဟုတ်ဘူး။ ဗမာငွေနဲ့တွက်ရင် ၄သောင်းနီးပါးလောက်ရှိတယ်။ ဗမာပြည်ဆိုရင် ဆန်တအိတ်ဖိုး ရပြီးလို့ စဉ်းစားမိတယ်။ (၅၀၀)ပဲ ပေးမယ် မရဘူးတဲ့။ ကျမလည်း စကားမများချင်တော့ သူတို့ကို ဘတ် (၁၀၀၀) ပေးလိုက်တယ်။ ကျမ စိတ်ထဲမှာ လုံးဝမကျေနပ်ဘူး။ ကြိုက်လည်း မကြိုက်ဘူး။ ပိုက်ဆံကို လာတ်စားတဲ့ ပုံစံလုပ်နေတယ်။ ပွဲတော်ချိန်နီးလေး ပုလိပ်က ပိုက်ဆံရှာလေးဖြစ်နေတယ်။ ပုလိပ်တွေ တရားမ၀င်သော ဗမာပြည်သားတွေကို ဖမ်းဆီးဖို့ တာဝန်ရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တရားသော နည်းလမ်းနဲ့ဖမ်းဆီးရင် မကျေနပ်စရာ အကြောင်းမရှိပါဘူး။ တခါတလေ ပြန်စဉ်းစားရင်လည်း ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းမှုမရှိတော့ သူတို့နိုင်ငံမှာ တရားမ၀င်သော နည်းလမ်းနဲ့ လာရောက်ခိုလုံနေတယ်ဆိုတော့ သူတို့လည်း ဖမ်းပိုင်ခွင့်ရှိတယ်။ အထက်က အမိန့်ဆိုတော့ သနားစိတ်ထားပြီး မဖမ်းလို့မှ မရတာ မဟုတ်လား။ ဒါပေမယ့် ဗမာပြည်သားကို ဖမ်းရင် တရားသော နည်းလမ်းလေနဲ့တော့ ဖြစ်စေချင်တယ်။
(၈)
တချို့သော အလုပ်သမားတွေက ဖမ်းဆီးတဲ့အချိန်မှာ အရမ်းကို ကြောက်လှန့်ပြီး ထွက်ပြေးကြတယ်။ ထွက်တော့ မလွတ်ပါဘူး။ သူတို့ရအောင် လိုက်ဖမ်းနေတယ်။ ဘာကြောင့် ထွက်ပြေးရသလဲဆိုတာကို ပြန်စစ်ဆေးတော့ နှိပ်စက်တော့တာပဲ၊ တခါတလေ ပုလိပ်တွေက လက်လွန်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ ကြားရတဲ့ သတင်းတွေကလည်း နားထဲမှာ ခါးသီးလွန်ပါတယ်။ အဆိုးဆုံးက အမျိုးသမီးတွေကို မုဒိမ်းကျင့်တာပါပဲ။ အမျိုးသမီးတွေက မပြောရဲ မဆိုရဲကြဘူး။ ပုလိပ်ဆိုတော့ နေ့ညမရွေး ကိုယ့်ကို အန္တရာယ်ပေးလာနိုင်တယ်။ စိတ်ကောင်းတဲ့ ပုလိပ်ရှိသလို စိတ်ပုတ်တဲ့ပုလိပ်တွေလည်း တပုံကြီးပါပဲ။
(၉)
တချို့ ကျမတို့ ပြည်သူလူထုကို ကြည့်ရင် အရမ်းကို သနားစရာကောင်းပါတယ်။ သနားမိတယ်။ ဒါပေမယ့် သူတို့ကို သနားပြီး ကိုယ့်ကိုယ်ကိုလည်း ပြန်သနားမိတယ်။ ကိုယ့်နိုင်ငံမှာလည်း သမင်းငယ်ဖြစ်ပြီး ကျားစားခြင်းကို ခံနေရတယ်။ သူများ နိုင်ငံကိုရောက်ပြန်တော့လည်း ကျမတို့တတွေဟာ လုံခြုံမှုမရှိတဲ့ သမင်းငယ်ဘ၀ကို ပြန်ရောက်နေပါလား။ ရှေးရေစက်ကြောင့် ၀ဋ်ကြွေးတွေပေါ့။
(၁၀)
“သူငယ်ချင်းတယောက်လည်း ကျမကို ခဏခဏမေးလာတယ်။ မင်းမြန်မာပြည်ကို မပြန်တော့ဘူးလား။ မင်းမိဘကို သတိမရဘူးလား။ မင်းသူငယ်ချင်းတွေ မေ့ကုန်ပြီးလား။ မင်းတိုးတက်နေတဲ့ ထိုင်းနိုင်ငံမှာပဲ ပျော်နေတော့မှာပေါ့။ မင်းက အခြေခိုင်သွားပြီးဆိုတော့ ဘယ်ပြန်ချင်မလဲ”။
ကျမရဲ့ လုပ်ငန်းအခြေအနေကို နားလည်အောင် ရှင်းပြလို့ မရတော့ သူလည်း ကျမကို ဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခု ကျမပြောနိုင်တာက မြန်မာနိုင်ငံပြန်ရင် ထမင်းငတ်မှာ သေချာတယ်။ ကျမလို ပညာတတ်တယောက်မဟုတ်တော့ ကိုယ့်ဝမ်းကိုယ်ကိုတောင် ထမ်းနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ တနေ့လုပ်တနေ့စားဖြစ်နေတဲ့ ကျမအခြေအနေဟာ ရွာကို ဘယ်လိုမှ ပြန်လို့မရပါဘူး။ ထိုင်းနိုင်ငံဟာ ဘယ်လောက်ပဲ ဆိုးဝါးသည်ဖြစ်စေ၊ ကျမရဲ့ ၀မ်းကို ကျမထမ်းနိုင်ပါတယ်။ ကျမ၀မ်း ထမ်းနိုင်သည့်အပြင် ကျမရဲ့ မိသားစုကိုလည်း စိတ်ပျော်အောင် ထားနိုင်တယ်။ ကျမ မိသားစုတွေလည်း ကျမအတွက် ဘာမှ ပူပင်စရာမရှိဘူး။ သူငယ်ချင်းကို ကျမဒီလောက်နဲ့ပဲ အကြောင်းပြချက်တွေ ပေးနိုင်ပါတယ်။ တခြားသော အကြောင်းပြချက်ကို ကျမက ပွင့်ပွင့်လင်းလင်း မဆွေးနွေးချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ အခြေအနေဟာ လုံးဝ မတူတော့ဘူး။ စီးပွါးရေးအခြေအနေကို အကြောင်းပြချက်ပေးလိုက်တယ်။
(၁၁)
လမိုက်ညရဲ့ ငြိမ်းခြောက်မှု ညသန်းခေါင်ယံ ရောက်တော့လည်း မအိပ်ရတဲ့ ကျမရဲ့ အဖြစ်ဟာလည်း ကျမတို့ အိမ်မှာရှိတဲ့ မိန်းကလေးငယ်တွေအတွက် တွေးပူနေမိတယ်ဆိုရင် မမှားပါဘူး။ ခြိမ်းခြောက်နေတဲ့ ညသန်းခေါင်ယံကို ကျော်လွန်ချင်ပြီ။ ကျမရဲ့ ခေါင်းရင်းနာမှာ ကားရပ်သံကိုလည်း မကြားချင်တော့ဘူး။ ပုလိပ်တွေ အလုပ်သမားကို မနက်အစောကြီး (၃)နာရီ ဖမ်းဆီးတာကိုလည်း မကြားချင်တော့ဘူး။ ဖြစ်ပျက်နေတဲ့ ကျမတို့ မြန်မာပြည်သူ၊ သားကိုလည်း စာနာထောက်ထားသောအားဖြင့် ဆက်လက်ပြီး စာနာပေးပါလို့ ပြောချင်ပါတယ်။
၂၂-၂-၂၀၀၇
Read more...
No comments:
Post a Comment