ကျမက လက်ဖက်တောင်မှာ ကြီးပြင်းခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်သလို ကျမရဲ့ ဘိုးဘွားမိဘတွေက လက်ဖက်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတွေပါ ပလောင်ပြည်သူလူထုတွေလည်း များသောအားဖြင့် လက်ဖက်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုကြတယ်။
နအဖ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ စစ်ဆေးချက်အရ လက်ဖက်တံဆိပ် (၄၃)မျိုးမှာ အစားသောက်တွေမှာ သုံးစွဲရန်မသင့်လို့ သတ်မှတ်ထားတဲ့ အ၀ါရောင်ဆိုးဆေး ( Auramine O) ပါဝင်နေကြောင်း၊ အဆိုပါဆိုးဆေးသည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေ များကို အရောင်းဆိုတဲ့ ဓါတုဆေးဖြစ်ကြောင့် စားသုံးသူတွေကို လတ်တလော အဆိပ်အတောက်မဖြစ်စေပေမယ့် ရေရှည်မှာ အသည်းနှင့်ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှု ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်းတို့ကြောင့် ကြေညာထားတဲ့ လက်ဖက်တံဆိပ် (၄၃)မျိုးကို တားမြစ်ရတာလို့ မတ်လ (၁၂) ရက်နေ့၌ နအဖ မြန်မာ့အလင်းသတင်းစာထဲမှာ ကြေညာချက်ထုတ်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။
ကျမတို့ ပလောင်လူမျိုးများသည် လက်ဖက်ပိုင်ရှင်ဖြစ်သော်လည်း များသောအားဖြင့် ကုန်ကြမ်းလောက်ဖြင့် ထုတ်လုပ်နိုင်ပါတယ်။ ပွဲစားထံမှတဆင့် ကျမတို့ ပြန်ရောင်းပါတယ်။ ပွဲစားမှ တဆင့် မန္တလေးတို့၊ အောက်မြန်မာပြည်ကို ပို့ကုန်အဖြစ်ပို့ထားပါတယ်။ ထို့မှတဆင့် လက်ဖက်ကုန်ချောကို ထပ်မံပြီး ထုတ်လုပ်ထားပါတယ်။
ကျမတို့ လက်ဖက်ပိုင်ရှင်တွေက လက်ဖက်စိုကို ခက်ခက်ခဲခဲနဲ့ တဆင့်ပြီး တဆင့်ပြုလုပ်ရပါတယ်။ လက်ဖက် ပြုလုပ်တဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ ပြုလုပ်ရပါတယ်။ လက်ကိုလည်း ဆီတွေမပေအောင်၊ လက်ဖက်ထဲမှာ မြေကြီး၊ ကျောက်ခဲတွေမပါအောင်၊ လက်ဖက်ထဲမှာ ရေအများကြီး ထည့်လိုမရပါဘူး၊ ရေထွက်လာအောင်လည်း အပေါက်တွေ လိုအပ်ပါတယ်။ သတိထားပြီး ပြုလုပ်ပေးရပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒီပစ္စည်းတွေ ပါလာရင် ကျမတို့ လက်ဖက်စိုဟာ လုံးဝအထားမခံသလို လက်ဖက်ပျော့ပြီး ပျက်သွားနိုင်တယ်။
လက်ဖက်ထည့်ထားသည့်နေရာတွင် ၀ါးကို ပုပ်အဖြင့် ပြုလုပ်ပြီး (သို့) ပလက်စတစ် သန့်သန့် (သို့) ငှက်ပျော်ရွက်နှင့် ခံထားပြီးမှ လက်ဖက် သိပ်ထားရပါတယ်။ တချို့ကျတော့ မြေတွင်းကိုကျင်းအဖြင့်တူးပြီးမှ ဌက်ပျောရွက်ခံပြီး လက်ဖက်ကိုထည့်ထားပါတယ်။ လက်ဖက်ဝယ်သည့်ပွဲစားပေါ်မူတည်ပြီး ရောင်းပါတယ်။
တချို့ကျတော့ (၅-၁၀)လအထိ ထားပါတယ်။ လက်ဖက်ပိုင်ရှင်တွေဟာ လက်ဖက်ခြံ ဘယ်လောက်ပဲ ဧကကြီးကြီး၊ လက်ဖက်စို ဘယ်လောက်ပဲလုပ်လုပ် အ၀ါရောင်ဆေးကို သုံးလေ့မရှိပါဘူး။ မူရင်းလက်ဖက်စိုအရောင်ဟာ တောက်ပြောင်လှပပြီး ဖြစ်ပါတယ်။
တောင်ပေါ်မှာ လွန်ခဲ့သော (၁၀)နှစ်တုန်းက အ၀ါရောင် ဆိုးဆေးဆိုတာ ရှိတော့ ရှိတယ်။ ရှားရှားပါးပါးပဲ တွေ့ရှိရတယ်။ ပွဲစားတွေလည်း ဆေးဆိုးတာ မရှိသလောပါဘဲ။ ဒါပေမယ့် များသောအားဖြင့် ၂၀၀၃ နောက်ပိုင်းတွင် ပွဲစားများက အ၀ါရောင်ဆိုးဆေး အသုံးပြုလာတာကို တွေ့ရှိရပါတယ်။
ဒီဆိုးဆေးတွေဟာ ဘယ်ကလာသလဲဆိုတာ ကျမတို့ အရင်းအမြစ်ရှာမှဖြစ်မယ်။ ဘာကြောင့် ကျမတို့ ပလောင်တောင်ပေါ်ဒေသကို ဘယ်လိုရောက်ရှိသလဲ၊ ဘယ်ကလာသလဲအစရှိသည်ကို အသေးစိတ် သုတေသန လုပ်ရမှာ ဖြစ်ပါတယ်။
ကျမတို့ ပလောင်လူမျိုးတွေက ဒီဆိုးဆေး တီထွင်ကြံဆပြီး ထုတ်လုပ်ထားတာ မဟုတ်သလို အထူးသဖြင့် ပြောချင်တာကတော့ ကျမတို့ တောင်ပေါ်မှာ လက်ဖက်ပိုင်ရှင်၊ လက်ဖက်နှင့် အသက်မွေးဝမ်း ကျောင်းပြုလုပ်စားသုံးနေတဲ့ ပလောင်ပြည်သူလူထုတွေဟာ ဆိုးဆေးကို လုံးဝ မသုံးတတ်ပါဘူး။ ဒါပေမယ့် တောင်ပေါ်ဒေသမှာရှိတဲ့ လက်ဖက်ပွဲစားတွေဟာ ဆိုးဆေးအသုံးပြုတာကိုတော့ တွေ့ရှိရတယ်။
ကျမတို့ ပလောင်လူမျိုးတွေဟာ လက်ဖက်ကို နှစ်ပေါင်းများစွာဖြင့် စားသုံးလာကြသူဖြစ်ပါတယ်။ လက်ဖက်ခြောက်မှာဆိုရင် အမျိုးသမီးအတွက် ရင်သားကင်ဆာကို ကာကွယ်ပေးသလို၊ ရင်ကျပ်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
ဒီလက်ဖက်ဟာ ကမ္ဘာသုံးလက်ဖက်ဖြစ်ပါတယ်။ လက်ဖက်မှတဆင့် ကုန်ချောပစ္စည်း အမျိုးမျိုး ထုတ်လုပ်ထားပါတယ်။ ဥပမာ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ တီမစ်၊ ချိုချဉ်၊ အားလူကျော်နှင အချိုရည်အမျိုးမျိုးကို ထုတ်လုပ်ထားပါတယ်။
ဒီဆိုးဆေးကြောင့် တကယ်ပဲ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာ ထပ်မံပြီး တိတိကျကျ စုံစမ်းရမှာဖြစ်ပါတယ်။ တကယ်ပဲ ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့လည်း ဆိုးဆေးတွေကို ဆက်လက်အသုံးမပြုဖို့ တားမြစ်ရမှာဖြစ်ပါတယ်။
အခုတလော သတင်းမီဒီယာထဲမှာ လက်ဖက်အကြောင်း တော်တော်လေးကို သတင်းပြန့်ကျဲနေတာကို ကြားနေရပါတယ်။ လက်ဖက်နဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့ ကျမတို့ ပလောင်ပြည်သူလူထုအတွက် စိုးရိမ်စရာဖြစ်သလို စီးပွားရေးကျပ်တည်းနေတဲ့အချိန်ကာလ ခေတ်ကာလမှာ ပလောင်ပြည်သူလူထုတွေ လုံးဝ ဒုက္ခရောက်သွားနိုင်ပါတယ်။
အခုလက်ရှိ ကျမတို့ဆီမှာ ရွှေဖီချိန်ကျရောက်တဲ့ အချိန်ဖြစ်သလို ၀င်ငွေရှာဖွေစုဆောင်းထားတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီအချိန်လေမှာ လက်ဖက်ဈေး ထပ်မံပြီး လျော့ဈေးနဲ့ပေးရင် ကျမတို့ ပလောင်ပြည်သူလူထု လုံးဝ ဒုက္ခကျရောက်နိုင်ပါတယ်။
ကျမတို့ ပလောင်ပြည်သူလူထုတောမကပါဘူး။ အောက်မြန်မာပြည်က အညာသားတွေအတွက်လည်း ထိခိုက်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် များသောအားဖြင့် အညာသားတွေက ရွှေဖီချိန်ဆိုရင် လက်ဖက်လာခူးကြတယ်။ သူတို့တွေမှာလည်း ဒုက္ခရောက်နိုင်ပါတယ်။
အခုလက်ရှိ နာဂစ်ကြောင့် အဓိက လက်ဖက်ဝယ်စားတဲ့ ဧရာဝတီတိုင်းတွေက လက်ဖက်ဝယ်ယူစားသုံးမှု သိပ်မရှိသလောက်ဖြစ်ပြီး နမ့်ဆန်မြို့နယ် နအဖဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းထွန်းက လက်ဖက်ဈေးကို ချုပ်ကိုင်ပြီး လျော့ဈေးဖြင့် ပေးထားပါသည်။ အခုဒီသတင်းတွေကြောင့် ကျမတို့ လက်ဖက်ကို ၀ယ်ယူစားသုံးသူ နည်းပါးသွား နိုင်တယ်။
ကျမတောင်းဆိုချင်ပါတယ်။ (၁) သတင်းမီဒီယာများက လက်ဖက်ပွဲစား၊ ရုံကို မေးမြန်းသည့်အပြင် ကျမတို့ ပလောင်တောင်ပေါ်ဒေသမှာ လက်ဖက်နဲ့ အသက်မွေးကျောင်းပြုလုပ်စားသုံးနေတဲ့ ပလောင်ပြည်သူ ပြည်သားတွေရဲ့ ခံစားချက်ကို မေးမြန်းပေးပါ။ (၂) လက်ဖက်ဈေးကို ချုပ်ကိုင်နေသော နအဖနှင့် ပွဲစားများ လက်ဖက်ဈေးနှုန်းကို တိုးမြင့်ပေးပါ။ (၃) ယခုလက်ရှိ ဆိုးဆေးကြောင့် ပလောင်ပြည်သူလူထု၏ စီးပွားရေး များစွာ ထိခိုက်နစ်နာပါတယ်။ ဒါကြောင့် ရိုးရိုးသားသားနှင့် လုပ်ကိုင်စားသောက်တဲ့ ပလောင်ပြည်သူလူထုတွေကို ကူညီပေးပါဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
၁၈-၃-၂၀၀၉
No comments:
Post a Comment