(၁)
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်သည် နအဖစစ်တပ်၏ အတင်းအဓမ္မနည်းလမ်းဖြင့် လက်နက်နှင့်ငြိမ်းချမ်းရေးကို အပြီးအပိုင်လဲလှယ်ခံရလိုက်ပြီးနောက်ပိုင်း ကျမတို့ပလောင်နိုင်ငံရေး အခြေအနေ တခုလုံးကို သုံးသပ်ကြည့်မည်ဆိုလျှင် ပလောင်ဒေသမှာ ဖွံ့ဖြိုးတိုးတ်ကမှုမရှိဘဲ ပိုမိုပြီးဆိုးဝါးလာသည်ကို တွေ့ရှိရပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှု ပုံသဏ္ဍန်အမျိုးမျိုး နေ့စဉ်နေ့တိုင်း မျက်စိထဲမှာ မြင်တွေ့နေရပြီး ပြည်သူလူထုရင်ဖွင့်သံကိုလည်း အချိန်နှင့်အမျှ ကြားနေရပါသည်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနေ့သစ်များဆီကို သွားဖို့ကြိုးစားနေရမည့်အချိန်မှာ တိုင်းရင်းသားဒေသမှာ သေနတ်သံများမစဲနိုင် ဖြစ်နေကြရပါသည်။ မြန်မာနိုင်ငံကြီးသည် ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားဖို့ဦးတည်နေပါသည်ဟု နအဖပြောပြောနေသည့်စကားသည် တကယ်ပဲ ဟုတ်ရောဟုတ်ပါသလား၊ မေးစရာဖြစ်လာပါသည်။
ကျမတို့ နေ့စဉ်နေ့တိုင်း ကြုံတွေ့ခံစားနေရသော လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို တင်ပြချင်ပါသည်။
(၂)
၁၉၉၁ခုနှစ်တွင် (န၀တ) စစ်အစိုးရနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်သည် စေ့စပ်ဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေးကို ပြုလုပ်ခဲ့ပါသည်။ အပစ်ခတ်ရပ်စဲထားသည့် ကာလပတ်လုံးတွင် နအဖစစ်တပ်များသည် ပလောင်ပြည်သူလူထုအပေါ် လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက်ခဲ့ပါသည်။ ပလောင်ပြည်သူလူထုများက ချိုးဖောက်မှု ဒဏ်ကို မခံမရပ်နိုင်လောက်အောင် ဖြစ်ခဲ့ကြရပါသည်။ ထို့ပြင် နအဖစစ်အစိုးရဖက်မှ အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားသော အဖွဲ့များကို နည်းလမ်းအမျိုးမျိုးဖြင့် လက်နက်ချရန်အတွက် ဖိအားပေး လာပါသည်။ (နအဖ) မြန်မာစစ်အစိုးရသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်ကို ၂၀၀၅ခုနှစ်၊ ဧပြီလ၊ ၂၁ရက်နေ့တွင် ၄င်းတို့ လက်နက်များကို တရားဝင်ပေးအပ်ရန် အကြပ်ကိုင် တောင်းဆိုခဲ့ပါသည်။ ဤသို့ဖြင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်သည်လည်း မိမိတို့အမျိုးသားများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာကိုင်စွဲထားသော လက်နက်များကို အပြီးအပိုင် ပေးအပ်လိုက်ရသည့် အနေအထားသို့ ရင်နာစွာဖြင့် ရောက်ရှိသွားခဲ့ရပါသည်။
လက်နက်ချပြီးနောက်ပိုင်းတွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ တပ်အားလုံးကို ဖျက်သိမ်း၍ရဲဘော်များအားလုံးကို ၄င်းတို့အိမ်များသို့ ပြန်စေခဲ့ပါသည်။ ၄င်းတို့ ထိန်းချုပ်ထားသော ဒေသများအားလုံးရှိ ကျေးရွာများသည် စစ်အစိုးရတပ်များ ထိန်းချုပ်မှု ဘောင်စနစ်အောက်သို့ လုံးဝကျရောက်ခဲ့ပါသည်။
(၃)
ပလောင်လူမျိုးများသည် လက်ဖက်ကိုအဓိကအားဖြင့်မှီ၍ လုပ်ကိုင်စားသောက်ကြသော လူမျိုးဖြစ်ပါသည်။ စစ်အစိုးရပိုင် အချိုခြောက် စက်ရုံများမှ လက်ဖက်ဈေးနှုန်းကန့်သတ်ထိမ်းချုပ်ထားမှုများအပါအ၀င် ဆိုးရွားလှသော စစ်အစိုးရ၏ ဘက်ပေါင်းစုံ ဗိုလ်ကျစိုးမိုးသည့် စနစ်ကြောင့် ရှမ်းပြည်မြောက်ပိုငး ပလောင်လူမျိုးများသည် မူးယစ်ဆေးဝါး (ဘိန်း) စိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုများဆီသို့ တွန်းပို့ခံရသလို ဖြစ်ခဲ့ရပါသည်။ သို့ဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်သုံးဏွဲမှုအရှိန် ပိုမိုမြင့်မားလာခဲ့ပါသည်။
မြန်မာစစ်အစိုးရနှင့် ကမ္ဘာ့ကုလမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်ပြစ်မှုများဆိုင်ရာရုံး (UNODC) မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အကြီးအကျယ်ကျဆင်းခဲ့သည်ဟု အံ့သြဖွယ်ဖော်ပြထားပါသည်။ သို့သော် ပလောင်အမျိုးသမီးအရုံးက ၂၀၀၄မှ ၂၀၀၆ခုနှစ်အတွင်း ဘိန်းနှင့်ပတ်သက်၍ သုတေသနများ ပြုလုပ်ပြီး “ အဆိပ်သင့်ပန်းများ၊ တိုးတက်များပြားလာနေသော မူးယစ်ဆေးစွဲပြဿနာကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပလောင်အမျိုးသမီး များအပေါ် ဆိုးကျိုးသက်ရောက်မှုများ” အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိခဲ့ပါသည်။
၎င်းအစီရင်ခံစာ ထုတ်ဝေဖြန့်ချိပြီးနောက်ပိုင်းတွင် UNODC ထုတ်ပြန်ခဲ့သော အစီရင်ခံစာများသည် လိမ်ညာထုတ်ပြန်ထားကြောင်း နိုင်ငံတကာအား အထင်အရှား သိမြင်သွားစေခဲ့ပါသည်။ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းရောင်းဝယ်ဖောက်ကားမှု၊ ဘိန်းသုံးစွဲမှုများကြောင်း ပလောင်ဒေသတွင် သူခိုး၊ ဓါးမြ၊ လူသတ်မှုစသည့်ရာဇ၀တ်မှုများလည်း များစွာဖြစ်ပေးလာခဲ့ပါသည်။ ဘိန်းစားများက အလုပ်မလုပ် ၀င်ငွေမရှိဖြစ်ပြီး အိမ်တွင်းပစ္စည်းများကို ရောင်းစားကြသည်။ ကုန်လျှင် တခြားအိမ်များကိုကူး၍ ပစ္စည်းခိုးယူကြသည်။ ခိုးယူ၍ မရလျှင် ဓါးမြတိုက်သည်။ ဓါးမြတိုက်သည့်အခါတွင် လူသတ်မှုများအဆင့်ထိ ရောက်သွားသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် မူးယစ်ဆေးစွဲ နေကြသော ခင်ပွန်းသည်များနှင့် သားများအတွက် မိခင်များ၊ ဇနီးမယားများဖြစ်ကြသည့် ပလောင်အမျိုးသမီးများအဖို့ ကြမ်းတမ်းပြင်း ထန်လှသည့် ဆိုးကျိုးသက်ရော်ကမှုများ ခံစားကြရပါသည်။ ပောလင်ပ်ြညနယ်လွတ်မြောက်ရေးတပ်မတော် လက်နက်ချပြီးနောက်ပိုင်း ၂၀၀၆-၂၀၀၇ခုနှစ်နောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုနှုန်း တစုံတရာ လျော့ကျမှုရှိလာခဲ့သော်လည်း အမျိုးသားများ၏ ဘိန်းကို မှီဝဲသုံးစွဲလာမှုသည် ကြောက်စရာကောင်းလောက်အောင် မြင့်တက်ခဲ့ပါသည်။ အိမ်ခြေ ၆၀ရှိလျှင် ဘိန်းသုံးစွဲသော အိမ်ခြေက ၅၀ကျော်နေသည်ကို မယုံကြည်နိုင်လောက်အောင် တွေ့ရှိရပါသည်။
ရွာတိုင်းလိုလိုမှာ ဘိန်းသုံးစွဲမှုများနှင့် ရောင်းဝယ်ဖောက်ကားမှုများ တွေ့ရှိရပါသည်။ အမျိုးသားများသာမက အမျိုးသမီးများပါ ဘိန်းကို သုံးစွဲလာကြသည်ကိုလည်း သုတေသနပြုချက်များအရ တွေ့ရှိရပါသည်။ (နအဖ) စစ်အစိုးရများသည် ပလောင်ပြည်သူလူထုကို အနုနည်းဖြင့် ဘိန်းဇာတ်သွင်း၍ ဖြိုခွဲပျက်စီးနေခြင်း ဖြစ်ပါသည်။ ဘိန်းတိုက်ဖျက်ရေး ဆိုင်းဘုတ်ကို ရွာတိုင်းတွင် ကပ်ထားသော်လည်း အမှန်တကယ် အရေးယူဖြေရှင်းတိုက်ဖျက်ပေးမှုမှာ လုံးဝမရှိသလောက် အားနည်းနေသည်ကို တွေ့ရှိရပါသည်။ ဘိန်းတိုက်ဖျက်ရေး ပြုလုပ်မှုမှရှိဘဲ ဘိန်းကို အကြောင်းပြု၍ လာဒ်စားရေး၊ အမြတ်ထုတ်ရေးများသာ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။
(၄)
ပလောင်အမျိုးသမီးများသည် မိသားစု စီးပွားရေး အဆင်မပြေမှုကြောင့် တရုတ်ပြည်သို့ စွန်းစားပြီး အလုပ်သွား လုပ်ကြရပါသည်။ စီးပွားရေး အဆင်မပြေမှုများကြောင့် လူကုန်ကူးမှုများသည်လည်း အကျိုးဆက်အဖြစ် ပေါ်ပေါက်လာပါသည်။ တရုတ်ပြည်တွင် တရုတ်မယား ငယ်အဖြစ်၊ ပိုက်ဆံသိပ်မရသော အလုပ်ကြမ်းသမားများအဖြစ် ရောင်းစားခံကြရပါသည်။ တချို့မှာ အိမ်ကို လုံးဝပြန်၍ မလာရတော့ပါ။ တချို့သော အမျိုးသမီးမှာ ရိုက်နှက်နှိပ်စက်ခံရသည့်အထိ ဖြစ်ကြရပါသည်။ လူကုန်ကူးမှုသည် တဖြည်းဖြည်း ပိုမို များပြားလာပါသည်။ နအဖများက လူကုန်ကူးမှု ပြဿနာများရှိသည်ကို သိရှိခဲ့သော်ငြားလည်း အရေးယူ ဖြေရှင်းပေးခြင်းမရှိခဲ့ပါ။
(၅)
အတင်းအဓမ္မစေခိုင်းသည့်နေရာတွင် ၂၀၀၇ခုနှစ်အတွင်း ပလောင်ဒေသကို ကွင်းဆင်းလေ့လာသည့်အခါတွင် စစ်တပ်ထဲသို့ အတင်းအဓမ္မ၀င်ခိုင်းသည့် ဖြစ်ရပ်များကို တွေ့ရှိရပါသည်။ ၄င်းရန်ကို ရှောင်သည့်အနေဖြင့်ရွာတိုင်းတွင် အသက် (၁၈) နှစ်ကျော်လျှင် များသောအဖြင့် ခရီးထွက်တက်ကြသည်။ နမ့်ဆန်မြို့တွင် (ခလရ ၃၂၄)၏ တပ်ရင်းများက အုပ်ချုပ်ပါသည်။ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအသီးသီးမှ ယောက်ျားလေးရှိသော အိမ်များကို နအဖစစ်တပ်ထဲသို့ မ၀င်မနေရ အမိန့်ထုတ်ပြီး စစ်သားသစ် အတင်းစု ဆောင်းပါသည်။ နအဖစစ်တပ်ထဲသို့ မ၀င်သော အိမ်ကို ဒဏ်ငွေပေးဆောင်စေပါသည်။
ထို့ပြင် နအဖစစ်တပ်သည် နွေစပါးကိုလည်း အတင်းစိုက်ခိုင်းပြီး ထွက်လာသော စပါးကိုလည်း တင်းတစ်တရာကို ကျပ်ငွေ (၃)သောင်းကျော် ဈေးဖြင့်ဈေးကွက်ပေါက်ဈေးထက် များစွာနည်းပြီး အတင်းဝယ်ယူပါသည်။ မြေအနေအထား ရာသီအနေအထား ကြောင့် နွေစပါးသည် ပလောင်ဒေသတွင် စိုက်ပျိုးသော်ငြားလည်း မဖြစ်ထွန်ခဲ့ပေ။
ထိုနည်းတူစွာ ကြက်ဆူပင်ကိုလည်း ကျေးရွာအုပ်စုတိုင်းတွင် မစိုက်မနေရ စိုက်ကြရပြန်ပါသည်။ ကြက်ဆူပင်မှာ ကျမတို့ ပလောင်လူမျိုး၏ ပင်စီးပွားရေး ဘယ်လိုမှ မဟုတ်သလို၊ ပလောင်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော အပင်မျိုးလဲမဟုတ်ပါ။ ရွာတိုင်းတွင် “ ရွာ၏အလှ ကြက်ဆူပင်က” ဆိုသည့် ဆိုင်းဘုတ်များကို ထူခိုင်းပြီး မြို့တိုင်း၊ ရွာတိုင်း ကြက်ဆူပင်ကို စိုက်ခိုင်းနေ တော့သည်။ ထို့ပြင် ၂၀၀၇ခုနှစ်အတွင်းတွင် နမ့်ခမ်းမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုန်မြို့နယ် ကျေးရွာအသီးသီးထံသို့ အမျိုးသမီးရေး ရာအဖွဲ့ ဖွဲ့ရန်အတွက် တရွာလျှင် (၃၁၀၀၀)ကျပ်ဖြင့် သက်ဆိုင်ရာ ရယက အဖွဲ့မှတဆင့် ကောက်ခံခိုင်းတာမျိုးကလည်းရှိသေးသည်။
ပလောင်ဒေသအတွင်း နအဖစစ်တပ်အတွက် လမ်းဖောက်သည့်စီမံကိန်းများတွင် ပလောင်ပြည်သူများ၏ လုပ်အားကို အတင်းအဓမ္မ အသုံးပြု၍ လမ်းဖောက်ခိုင်းပါသည်။ တခါတရံ လမ်းမပေါ်တွင် ဆိုင်ကယ်များတွေ့ရှိပါက ဆိုင်ကယ်များကို ချောအဖြစ် ဆွဲခေါ်သွား ပါသည်။ မြင်းများရှိသော အိမ်ကို သူတို့၏ စားနပ်ရိက္ခများကို ပို့ဆောင်ခိုင်းပါသည်။ လမ်းဖောက်ခြင်းကို အကြောင်းပြုပြီး ပလောင်ဒေသ တွင် ၀ိုင်းရံ၍ တပ်စခန်းများကို တိုးချသည်။ ပလောင်လူထုကို စစ်တမ်းကောက်ယူတာမျိုးလည်း လုပ်လာသည်။
၂၀၀၇ခုနှစ်အတွင်း သြဂုတ်လမှ စက်တင်ဘာလအထိ မှတ်ပုံတင်ကို မပြုလုပ်မနေရဖ်ြင့ ရွာတိုင်းကိုလိုက်ပြီး ပြုလုပ်စေခဲ့ပါသည်။ မှတ်ပုံတင်ကိစ္စတွင် ပြည်သူလူထုကို များစွာ ထိခိုက်နစ်နာစေပါသည်။ တယောက်ကို သောင်းကဏန်းဖြင့် ကျပ်ငွေပေး ဆောင်ခိုင်းပါသည်။ မှတ်ပုံတင်ပျောက်သောသူများကို ထပ်မံ၍ ဒဏ်ငွေပေးဆောင်ခိုင်းပါသည်။ အထက်က မတရားသော နည်းလမ်းဖြင့် ငွေများကို ပေးဆောင်စေသည့်အပြင် မြို့နယ်အဆင့်မှ ထပ်မံပြီး ငွေအချိုကိုပေးဆောင်စေပါသည်။ ရွာလူကြီးကလည်း ထပ်မံပြီး ကြားပေါက်ကနေ လာတ်စားပါသည်။ ပြည်သူလူထုများက မခံမရပ်ဖြစ်ပြီး ပလောင်ဒေသအချို့ကို ဆန္ဒပြခဲ့သည့်အထိ ဖြစ်ခဲ့ရပါသည်။
“ ရွှေကို ရောင်း၍ မှတ်ပုံတင်လ်ုပရတယ်ဆိုတာ ဟုတ်ပါသလား” “ဟုတ်တယ်” “ဟုတ်တယ်”
“စပါးမရသေး၍ စပါးကို ကြိုတင်ရောင်းပြီး မှတ်ပုံတင် ပြုလုပ်ရတယ်ဆိုတာ ဟုတ်ပါသလား” “ဟုတ်တယ် ” “ဟုတ်တယ် ”
“လယ်ကွက်ကို ပေါင်ပြီး မှတ်ပုံတင် ပြုလ်ုပ၇တယ်ဆိုတာ ဟုတ်ပါသလား” “ဟုတ်တယ်” “ဟုတ်တယ် ” ဆိုပြီး ဟစ်အော်ဆန္ဒပြခဲ့ကြပါသည်။ တမိသားစုမှာ မှတ်ပံတင်လုပ်ရမည့် အရွက် (၃-၄)ယောက်ရှိသည်ဆိုလျှင် မှတ်ပုံတင်ကို လုံးဝ မလုပ်နိုင် ဖြစ်ကြရပါသည်။ သို့သော် မလုပ်မနေရဆိုပြီး အတင်းအဓမ္မလုပ်ခိုင်းလာသည့်အခါ ကျွဲပေါင်ခြံရောင်းဖြစ်ကုန်ကြပါတော့သည်။
(၆)
ပေါ်တာဆွဲခေါ်မှုများသည် ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသရှိ မြန်မာစစ်တပ်များ၏ ပုံမှန်အလုပ်လိုဖြစ်နေပါသည်။ မြို့နယ်တိုင်းတွင် တပ်စခန်းများရှိသည့်အတွက် တရွာနှင့်တရွာကို ပြောင်းရွှေ့သည့်အခါတွင် ပလောင်ပြည်သူလူထု၊ မြင်း၊ ဆိုင်ကယ်၊ ထောင်လာဂျီများကို ခေါ်ယူ၍ အသုံးပြုကြပါသည်။ ရှမ်းတော်လှန်ရေးတပ်များက ရွာကို ၀င်လာသည့်အခါများတွင်လည်း မြန်မာစစ်တပ်များက ရွာကိုလာ၍ စစ်ဆင်ရေး ဆင်းတတ်ကြသည်။ စစ်ဆင်ရေးဆင်းသည့်အခါတွင် ရွာထဲတွင် ဆန်၊ ဟင်းသီးဟင်းရွက်မှအစ သူတို့လိုသည့် ဘာပစ္စည်းကို မဆို အတင်းလုယက် ယူဆောင်သွားတတ်ကြပါသည်။ ပေါ်တာခေါ်သည့်အခါတွင် အမြင်ကပ်၍ ပြောစကားနားမထောင် သည့်အခါ မတော်တဆ ထိမိသလိုနှင့် သေနပ်နှင့်ပစ်သတ်ခဲ့သည်မျိုးလည်း တွေ့ရှိရပါသည်။
(၇)
ပလောင်အမျိုးသမီးများသည် နအဖစစ်တပ်များ၏ အတင်းအဓမ္မ မုဒိမ်းကျင့်ခြင်းကို ခံနေရပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်များသည် ပလောင်ဒေသတလျှောက်လုံးတွင် တပ်စခန်းချထားကြပြီး တပ်စခန်းရှိသော နေရာတိုင်းတွင် အမျိုးသမီးများက မုဒိမ်းကျင့်ခြင်းကို တနေရာမဟုတ်တနေရာ ခံနေရပါသည်။ တချို့သော အမျိုးသမီးများမှာ ပေါ်တာလမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး ညရောက်သောအခါ လိင်ဖြေဖျော်ရေးအတွက် အဓမ္မပြုကျင့်ခြင်းကို ခံကြရပါသည်။ တချို့သော အမျိုးသမီးများမှာ လယ်ကွက်၊ တောင်ယာနှင့် လက်ဖက်ခြံများဆီ တယောက်ချင်း၊ နှစ်ယောက်ချင်း သွားသည့်အခါတွင် စစ်တပ်များက လယ်တောထဲသွား၍ အမျိုးသမီးများကို အတင်းအဓမ္မ စော်ကားကြသည်ကိုလည်း တွေ့ရှိရပါသည်။
(၈)
ရှမ်းပြည်မြောက်ပိုင်းတွင် လက်ဖက်နှင့် တခြားလုပ်ငန်းကို လုပ်ကိုင်စားသောက်ပါသည်။ လက်ဖက်ပေါ်သည့်အချိန်တွင် နအဖစစ်တပ် များက လက်ဖက်ဈေးနှုန်းကို သတ်မှတ်ပေးပါသည်။ ဈေးနှုန်းများကို မတရားဈေးနှိမ်၍ပေးပါသည်။ လက်ဖက်အခွန်ပေါ်တွင်လည်း မတရားအခွန်ကောက်ခံပြန်ပါသည်။ မီးသွေးအရောင်းအ၀ယ် ပြုလုပ်သည့်အခါတွင်လည်း အခွန်များကို အဆမတန် ကောက်ခံသည်။ တခြားသော အရောင်းအ၀ယ်များမှာလည်း ထိုနည်းအတိုင်း အခွန်ကောက်ခံပါသည်။
လာတ်စားမှုများလည်း အဆမတန်ဖြစ်နေပါသည်။ ပြဿနာတခုခု ဖြစ်ပေါ်လာပါက “ ကူညီပါရစေ” ဆိုသည့် နအဖဆိုင်းဘုတ်ကို ကြည့်ပြီး အမှုဖွင့်သည့်အခါတွင် ပိုက်ဆံကိုအရင်ပေးပြီး တိုင်းကြားကြရပါသည်။ အမှုပြီးမြောက်သောအခါတွင်လည်း ပိုက်ဆံပေးရသည်။ ဘိန်းနှင့်ပတ်သက်၍ ဖမ်းဆီးမှုများတွင်လည်း လာတ်ထားလျှင် ပြန်လွတ်လာတာများပါသည်။ လာတ်စားမှု ပေါင်းစုံရှိပါနေပါသည်။
လူ့အခွင့်ရေးချိုးဖောက်မှုများမှာ ပလောင်ဒေသမတွင် ပေါင်းစုံရှိပါသည်။ ပလောင်အမျိုးသမီးအစည်းအရုံး၏ သုတေသနစာတမ်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားပါသည်။ တခြားသော ပလောင်လူငယ်များ သုတေသန ပြုလုပ်ထားသည် “ စစ်ဖိနပ်အောက်က ရွှေလီမြစ်” စာတမ်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုစာတမ်းများတွင်လည်း များစွာဖောပြထားပါသည်။
(၉)
၂၀၀၇ခုနှစ် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်တွင် ခလရ တပ်မတော်အချိုခြောက်စက်ရုံမှ ဗိုလ်မှူးကြီးသန်းထွန်းနှင့် လက်ဖက်ပွဲရုံများမှ အဆမတန် လက်ဖက်ဈေးကို နှိမ်၍သတ်မှတ်ပေးခဲ့သည်။ ထို့ပြင်လက်ဖက်ဈေးကို မည်သူမျှ ပိုမပေးရဟု အမိန့်ထုတ် လိုက်သည်။ လက်ဖက်ဈေးနှုန်း ပိုပေးသော လက်ဖက်ပွဲရုံကို အရေးယူမည်ဟု ကြေညာသည်။ လက်တွေ့လည်း အရေးယူတာမျိုးရှိ လာသည့်အတွက် ဘယ်ပွဲရုံကမှ ဈေးပိုမပေးရဲဖြစ်ကြရပါသည်။ ပလောင်ဒေသတခုလုံး လက်ဖက်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြရတာဖြစ်သည့်အတွက် လက်ဖက်ဈေးကို အကန့်အသတ်နှင့် နှိမ်ပေးခြင်းအားဖြင့် ပလောင်ပြည်သူလူထုများအားလု့း အခက်ခဲများ ကြုံတွေ့ကြရသည်။ လက်ဖက်ဈေးကို အဆမတန် ဈေးနှိမ်ထားပြီးသည့်အပြင် လက်ဖက်အပေါ်မှာလည်း မတရားအခွန် ကောက်ခံနေရသဖြင့် ဒေသတခုလုံး တနေ့တခြား ဒုက္ခပိုမိုကြီးခဲ့ကြရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ နမ့်ခမ်း၊ မန်တုန်မြို့နယ်အတွင်း ကုန်ပစ္စည်းတင်ပို့မှုများမှာလည်း ပိတ်ဆို့ခြင်းခံရပါသည်။ နမ့်ဆန်မြို့နယ်တွင် ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုးမှုန့်၊ ကြက်သွန်နီ၊ ဖြူ၊ ပဲ၊ ကုလားပဲတို့ကို နမ့်ဆန်မြို့သို့ လုံးဝ တင်ပို့ခြင်း မပြုလုပ်ရပါ။ တင်ပို့သောသူများကို တရားဝင်ပစ္စည်းတင်ပို့မှုဖြင့် ဖမ်းဆီးပိုင်ခွင့်ရှိသည်။ ရှမ်းပြည်မြောက်ပိုင်း ထွက်ကုန်များကို တင်ပို့ခွင့်မရှိခြင်းအားဖြင့် ပလောင်ပြည်သူလူထု များစွာအခက်ခဲကြုံတွေ့နေရပါသည်။ တရားမ၀င်သော နည်းလမ်းဖြင့် ကုန်ပစ္စည်းများကို တင်ပို့ရောင်းချနေခြင်းကြောင်း ကုန်ဈေးနှုန်းများကို အဆမတန် မလိုအပ်ဘဲ ကြီးထွားစေပါသည်။ ဆန်တစ်အိတ် ၂သောင်းကျော်၊ ဆီတပိဿ ၃ထောင်ကျော်စသည့်တို့ဖြစ်လာရာ လက်ဖက်ဈေးနှုန်းနှင့် လုံးဝကိုက်ညီမှုမရှိချေ။ တချို့သော အိမ်များတွင် ထမင်းကို နပ်မှန်အောင် မစားရသည့်အနေအထားသို့ရောက်ကြရတော့သည်။
(၁၀)
လက်နက်ချပြီးနောက်ပိုင်းနှစ်များမှစ၍ နအဖစစ်တပ်များသည် ပလောင်ပြည်သူများ၏ ဘိုးဘွားပိုင် လက်ဖက်ခြံ၊ တောင်ယာ၊ သစ်တော်စသည်တို့ကို အတင်းအဓမ္မ သိမ်းဆည်းပြီး နိုင်ငံတော်ပိုင်အဖြစ် ပြုလုပ်လိုက်ပါသည်။ လက်ဖက်ခင်း၊ တောင်ယာ တောတို့ကို တူးဆွပြီး တပ်စခန်းများဆောက်လုပ်ခြင်း၊ စစ်တပ်လေ့ကျင့်ရေးတပ်စခန်းများ ပြုလုပ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ ရေကာတာ ဆောက်လုပ်ခြင်း၊ ကြက်ဆူပင်စိုက်ပျိုးခြင်းနှင့်နွေစပါးစိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပါသည်၊ ကျမတို့ ပလောင်လူထုမှာ နယ်မြေဆုံးရှုံးမှု ကြောင့် ဒုက္ခများစွာ ကြုံတွေ့နေရပါသည်။ ရွာသားများကို လျောကြေးငွေပေးရန် ပြောထားပြီး နေ့ရွှေ့၊ ညရွှေ့၊ နှစ်ရွှေ့လုပ်ကြေပြီး ပလောင်ပြည်သူလူထုမှာ တိုင်တမ်းစရာ အားကိုစရာ လုံးဝမဲ့နေကြပါသည်။
(၁၁)
မြန်မာပြည်အခြေအနေကို သုံးသပ်ကြည့်မည်ဆိုလျှင် လူ့အခွင့်အရေးချိုးဖောက်မှုခံနေရမှုများသည် တနိုင်ငံလုံးမှာရှိနေပါသည်။ နေရာတိုင်းမှာရှိပါသည်။ အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်သော ဒေသများတွင် အများဆုံးတွင် အများဆုံးတွေ့ရှိရပါသည်။ ကျမတို့ ဒီမိုကရေစီ လိုလားကြသော ပြည်သူလူထုတိုင်းက ၀ိုင်းဝန်း၍ ဤပြဿနာကို ဖြေရှင်းကြမည်ဆိုလျှင် ကျမတို့ လိုချင်သော အနာဂတ်ကို ဧကန်မုချ ရရှိနိုင်ပါသည်ဟု ကျမ မျှော်လင့်ယုံကြည်မိပါသည်။
No comments:
Post a Comment