(၁)
ပလောင်လူမျိုးများရဲ့ အဓိက ပင်မအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါတယ်။ အလောင်းစည်သူ မင်းကြီး မာလာယုကျွန်းသို့ ရောက်တော်မူစဉ်အခါက။ အင်္ဂတိဒေ၀၊ ဇေယျ၊ သတြု၊ ဗါနုဒိဗ္ဗ အမည်ရှိသော နတ်ဘီ လူးညီနောင်လေးယောက်တို့က ဟင်္သာဇလုပ် အတွင်းမှရှိသော “ နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ကို ဆက်သ လိုက်ရာ ထိုနတ်သစ်စေ့ကို ပလောင်လူမျိုးများစိုက်ပျိုးစားသောက်ကြရန် ပေးသနား တော်မူလေသည်။ပလောင်တို့ကို မင်းကြီးတွင်ပါလာသော “နိလဗီဇ” သစ်စေ့ကို စိုက်ပျိုးစား သောက်ရန်၊ ပေးသနားတော်မူ၍ ပလောင်တို့စိုက်ပျိုးပြီးနောက်၊ အပင်အရွက် ဖြစ်သည့်အခါ၊ ခူးဆွတ်၍ မင်းကြီးထံဆက်သကြသော်၊ မင်းကြီးသည် ထိုသစ်ရွက် တို့ကို စားတော်ခေါ်၏။ မင်းကြီးမှာ လက်ဖက်ကို စက်တော်မခေါ်နိုင်ဘဲ လက်ဖက် ကိုပိုက်၍ နေရသောကြောင့်၊ ထိုသစ်ရွက်ကို လက်ပိုက်ဖက်ရွက်ခေါ်ရာမှ ကာလ ကြာ၍ “ လက်ဖက်ရွက်ကို” ၄င်းမှ “ လက်ဖက်” ခေါ်သည်ဟုဆိုလေသည်။
မင်းကြီးပေးသနားတော်မူသော နိလဗီဇ၊ ရသ၀သီ နတ်သစ်စေ့ကို ပလောင်အမတ် မျိုးသား “တာမောင်ငွိုင်း” က လက်တစ်ဖက်နှင့် ခံယူစိုက်ပျိုးသောကြောင့် “လက်တစ်ဖက်”ပင် ဟုခေါ်သည်၊ ကာလကြာ၍ “လက်တစ်ဖက်” ပင်မှ “လက်ဖက်ပင်” ၄င်းမှ လဘက်ပင် ဘကုန်းပေါ်လဆင့်၍ “လ္ဘက်” ဟုလည်း ရေးထုံးပြုကြလေသေးသည်။
အလောင်းစည်သူမင်းကြီး လဘက်မျိုးစေ့ပေးသော နေရာအထိမ်းအမှတ် အဆောက် အဦးအတွင်း၌ မင်းကြီးက လဘက်မျိုးစေ့ပေးသနားတော်မူစဉ် “တာမောင်ငွိုင်း” ကလက်တစ်ဖက်တည်းခံယူနေပုံ ကျောက်ရုပ်ရှိသည်။
ပလောင်ဘာသာနှင့် လဘက်ကို “မြန်း” ရှမ်းဘာသာနှင့် “နိမ့်” ဟုခေါ်သည်။ အဓိပ္ပါယ်မှာ ပလောင်ရော ရှမ်းပါ “ဇလုပ်” ဟုအဓိပ္ပါယ်တူဖြစ်ရာ ဇလုပ်ထဲက မျိုးစေ့ဟုဆိုလိုရင်းဖြစ်ပေသည်။
ရွှေဖီချိန် ဦးဦးးဖျားဖျားမှ ရရှိလာသော မိုးလွတ် လေလွတ် လက်ဖက်ခြောက်၊ အချိုခြောက်၊ လက်ဖက်စိုးတို့ကို အလောင်းစည်သူ မင်းအားပူဇော်သပါတယ်။ အဘယ်ကြောင့်ဆိုသော် လက်ဖက်အထွက်ကောင်းအောင်ဖြစ် ပါသည်။
(၂)
လက်ဖက်အကြောင်းကို ဦးစွာရှင်းပြချင်ပါတယ်။ တပေါင်းလ လောက်ဆိုရင် မိုးစပြီး နည်းနည်းပါးပါး ရွာပါတယ်။ အဘယ်ကြောင့်ဆိုသော် ကျမတို့ဆီမှာ ပြောလေ့ရှိတာကတော့ ရွှေဖီဦးအတွက် ရွက်နုလေးတွေ ဖူးပွင့်ဖို့ ရွာချပေးသလို ရွှေဖီဦးကို ကြိုဆိုတာဖြစ်ပါတယ်။ လက်ဖက်အဖူး၊ အညွှန့်များ ဝေေ၀ဆာဆာ ဖူးပွင့်လာပါတယ်။ရွှေဖီချိန်တွင် များသောအားဖြင့် လက်ဖက်ခြံပိုင်ရှင်တွေက လက်ဖက်ဈေးနှုန်း မမှီမှာ စိုးရိမ်သလို လက်ဖက်ရင့် သွားမှာကြောက်ပြီး ရွှေဖီဦးမတိုင်ခင်မှာ ဗမာပြည် အောက်ပိုင်းသို့ ဆင်းပြီး လက်ဖက်ခူးကူဖို့ ဗမာပြည်သူများကို အကူညီတောင်း ပါတယ်။ အချို့ကျတော့ သီပေါ၊ ကျောက်မဲရှမ်းတွေကို ခေါ်ပါတယ်။ ရွှေဖီချိန်ဆိုရင် ကျမတို့ ဆီမှာ ပွဲအစီဆုံးဖြစ်သလို လူပေါင်းစုံ စုပေါင်းပြီးနေထိုင်ကြပါတယ်။
(၃)
ကဆုန်လဆိုရင် ရွှေဖီချိန်ပြီးခါးနီးဖြစ်ပြီး လက်ဖက်နည်းနည်းပါးပါးကျန်တာကို ခူးဆွတ်တဲ့အချိန်ဖြစ်သလို ခါးကန်ကို ကြိုဆိုတဲ့အနေနဲ့ လက်ဖက်ပေါက်၊ ခြံရှင်း၊ လက်ဖက်အပင် ထိပ်ဖျားကို ခုတ်ခြစ်ထားရပါတယ်။ ကဆုန်လကုန် နယုန်လ လောက်ဆိုရင် ခါးကန်ချိန်ပြန်ရောက်လာပြီ။ မိုးရာသီလည်းဖြစ်တဲ့ ခါးကန်ချိန်ဆိုရင် ခူးဆွတ်ဖို့အတွက် တအိမ်ပြီးတအိမ် ကိုယ်နဲ့ရင်းနှီးတဲ့သူနဲ့ လှည့်လှယ်ပြီး သူတလှည့် ကိုယ့်တလှည့် သွားလေ့ရှိပါတယ်။ မိုးရာသီချိန်ဖြစ်တော့ လူတွေ တော်တော်လေနဲ့ ပင်ပင်ပန်းပန်း လက်ဖက်ခူးရပါတယ်။ ပျော်စရာလည်း တော်တော်ကောင်းပါတယ်။ (၄)
သတင်းကျွတ်လနှင့် တဆောင်မုန်းလလောက်ဆိုရင် ခါးကန်ကုန်ခါးနီးချိန်ဖြစ်ပါတယ်။ လက်ဖက်ကုန်ခါးနီး လဲဖြစ်တော့ လက်ဖက်သီးကို စပြီးခူးဆွတ်ခြင်း၊ လက်ဖက် ပင်ပျိုးထောင်ခြင်း၊ လက်ဖက်ပင်ပျိုးခြင်း၊ အပင်သေ နေရာများတွင် အစားထိုး စိုက်ခြင်း များ ပြုလုပ်လေ့ရှိပါတယ်။ ခူးဆွတ်ပြီးလက်ဖက်သီးကို တစ်လ၊ နှစ်လလောက် သိုလှောင်ထားပြီးမှ အချို့ပေါင်းပေါက်ပြီး အပင်ပျိုးကာ ပြန်စိုက်ပါတယ်။ လက်ဖက် ပင်ကို (၃)နှစ်ကြားထားပြီးမှ လိုအပ်တဲ့ နေရာတွင် ပြန်လည်အစားထိုးစိုက်ပျိုးခြင်းများ ပြုလုပ်ပေးရပါတယ်။ တချို့မှာ လက်ဖက်ခြံထည်းရှိ လိုအပ်တဲ့ လက်ဖက်ပင်ပါးတဲ့ နေရာကို တတောင်အနက်နဲ့ တပေပတ်လည်ဝန်းကျင်ရှိ အကျင်းများတူပြီး မျိုးစေ့ လေး၊ ငါးစေ့ထည့်ပျိုးကြပြီး (၃)နှစ်ကြာ အပင်ပေါက်များအား အချို့နှုတ်၍ အခြားနေရာတွင် ပြန်စိုက်များရှိသလို ပြန်မစိုက်သူတွေလဲ ရှိပါတယ်။ ပြန်စိုက်ရာတွင် အပင်ပေါက်များကို အတော်လေ ဂရုစိုက်ပြုစုပေးရပါတယ်။ (၅)
နတ်တော်၊ ပြာသိုနှင့် တပို့တွဲလဆိုရင် လက်ဖက်အရွက်များ အထွက်တိုးစေရန် အတွက် နောက်ထပ်တကြိမ် လက်ဖက်ခြံကို ပေါင်းသင်း၊ ရှင်းလင်းပေးခြင်းကို အပြန်အလှန် အင်အားသုံးပြီးပေါက်ထွင် ရှင်းလင်းပေးရပါတယ်။ ရွှေဖီအလွန် မိုးလက်ဖက်မတိုင်မှီ ကြားကာလအတွင်း အပင်မြင့်နဲ့ ခူးဆွတ်ရန်ခက်ခဲတဲ့ လက်ဖက် ပင်များကို (၇) တစ်ကြိမ်ချိုင်းပြီး နောက်ထပ်(၃)နှစ်စောင့်ပြီး ကောင်းကောင်း ခူးရ ပါတယ်။ လက်ဖက်ကိုခူးလွယ်ရန်ဖြစ်သလို အိုးသော အပင်ကိုပြန်လည်း နုပျိုး လာအောင်လည်းချိုင်းပေးခြင်းဖြစ်ပါတယ်။ လက်ဖက်ခုတ်ထိလိုက်လျှင် လက်ဖက် အထွက်ကောင်းအောင်ဖြစ်ပါတယ်။၎င်းရာသီကိုလည်း တနှစ်ပတ်လုံး လိုအပ်သော ထင်းများခုတ်ခြင်း၊ အိမ်အရောက် လူအားနဲ့သော်လည်းကောင်း၊ နွား၊ မြင်းအစရှိသည့်တို့ကို အသုံးပြုပြီး သယ်ရ ပါတယ်။ ဒီအချိန်ဆိုရင် လူတွေက တော်တော်လေကို ပင်ပန်းတဲ့ ရာသီဖြစ်ပါတယ်။ ဟင်းသီး၊ ဟင်းရွက် မစိုက်တဲ့အချိန်ဖြစ်သလို အလွန်ခြောက်သွေ့တဲ့ ရာသီဖြစ် ပါ တယ်။ ဤရာသီကို ၀င်ငွေမရှိတဲ့အချိန်လို့ ပလောင်လူမျိုးတွေက သတ်မှတ်ကြ ပါတယ်။
(၆)
လက်ဖက်ခြောက်၊ အချိုခြောက်နှင့် ပြုလုပ်ပုံလက်ဖက်ခြောက်လုပ်ငန်းအား အဓိကအားဖြင့် ရွှေဖီချိန်တွင်သာ ပြုလုပ်ကြပြီး ခါးကန်ချိန်တွင် လက်ဖက်စိုနဲ့ လက်ဖက်လှော်စက်များဖြင့် အချိုခြောက် (အချို သောက်) လက်ဖက်သာလျှင် ပြုလုပ်ကြပါတယ်။ ပျှမျှအားဖြင့် လက်ဖက်စို ၃ ပိသာကို လက်ဖက်ခြောက် (အဖန်သောက်) ပြုလုပ်လျှင် တပိသာထွက်သည်။ ရွှေဖီဦး (သို့) ရွှေဖီမိုးလွတ်၊ လေလွတ် လက်ဖက်ခြောက်သည် အရောင်အဆင်းတောက်ပြောင်ခြင်း၊ သေးငယ်ခြင်း၊ လက်ဖက်ခြောက် အရိုးတံကလေးများပေါ်တွင် ငွေခြည်ရောင် ခေါ်သော အဖြူရောင် အစင်းကလေးများပါခြင်း၊ လက်ဖက်ရိုးတံကလေးတွေ ခတ်များများသာပါရှိသောကြောင့် လက်နှင့်ဆုပ်ကိုင်ကြည့်လျှင် ဆူးများစူး သကဲ့သို့ရှိပြီး အခြားအမျိုးအစားလက်ဖက်ခြောက်များထက် အလေးချိန်ပို၍စီးခြင်း။ ဖျဉ်ခြင်းချုပ်သော အပ်နဖျား ပေါက်တွင် ထည့်သွင်းဝင်ရောက်သော ပုရစ်ဖူးကလေး များစွာရှိ သည့် အပြင် ဖြူး၊ ပြောင်၊ မာ၊ သေး၊ ရသာ ချဉ်ဖန်မွှေးဟူသော ဂုဏ်ရှစ်မျိုးနှင့်လည်း ပြည့်စုံလှပါတယ်။ အရည်မလင့်ကြိုသဖြင့်ကား ၀ါကျင့်ကျင့်လျှံ ရွှေရည်ကြံရှိသလို ပျားရည်စံမျှရှိပါတယ်။
လက်ဖက်ခြောက်ကို တ၀သောက်သုံးသူများ အဆိပ်အတောက်ကို ပြေစေခြင်း။ အမောအပန်းကို ပြေစေခြင်း၊ စိတ်နှလုံး ကြည်လင်စေခြင်း၊ သွေးအား လေအားနည်း နေသူများကို လေအားသွေးအားကောင်းစေနိုင်ခြင်း၊ ဆီးရောဂါများကို လည်း ပျောက်ကင်းစေနိုင်ခြင်းစတဲ့ အစွမ်းသတ္တိများနဲ့လည်း ပြည့်စုံပါတယ်။
သင်္ကြန်ကျပြီးနောက် ၁၅ ရက်အတွင်းခူး၍ ပြုလုပ်သော လက်ဖက်ခြောက်ကို “ရွှေဖီရွက်သား” ဟုခေါ် တတ်ကြပါတယ်။ မိုးရာသီတွင် ခူးသော လက်ဖက်ခြောက်ကို ခါးကန်၊ ခါးဟွတ်၊ ခါးနိုင်၊ ခါးမွန်နှင့် နောက်တက်ဟု အသီးသီးခေါ်တတ်ကြပါတယ်။ လက်ဖက်ခြောက်ကောင်းဆိုလျှင် နမ့်ဆန်မြို့နယ် တောင်ကျော်ကျေးရွာနှင့် ဟွမ်ဟ ကျေးရွာတွင် အကောင်းဆုံးဟု သတ်မှတ်ကြပါတယ်။
(၇)
လက်ဖက်ခြောက်လုပ်ပုံလုပ်နည်းမှာ ဦးစွာလက်ဖက်အပင်မှ လက်ဖက်ရွက်များအား ခူးဆွတ်ရမည်။ ၄င်းအရွက် များကို ရေနွေးငွေ့အသုံးပြုကာ ပေါင်းချောင်အတွင်း ထည့်၍ ပေါင်းရမည်။ အရွက်များ လိပ်စေရန် အဖန်ဓါတ်များ လျော့စေရန်အတွက် လှိမ့်ပေးရမယ်။ ပြီးတော့ အခြောက်ဖြစ်လာစေရန်အတွက် ဖျာများပေါ်တွင် နေလှန်ပေး ရမည်။ မနက် မိုးမလင်းခင် ၅-၆ နာရီတွင် စလှန်ပြီးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်သွားခူး ရဦးမှာဖြစ်ပါတယ်။ ၄င်းအခြောက်များမှ အကောင်း (အမာ)နှင့်အပွ (အရင့်) ရောနေသော လက်ဖက်များအား သီးသန့်စီပြန်ခွဲ ရဦးမယ်။ ပြီးတော့ လက်အညွန့် စင်းစင်းလေးများဖြစ်လာရန်အတွက် ၄င်းအား စကာကျဲများဖြင့် ပြန်ချ ပေးရမယ်။ (၈)
ပလောင်လူမျိုးများသည် လက်ဖက်ခြောက်ပြုလုပ်တဲ့အပြင် လက်ဖက်စိုကိုလည်း မြောက်များစွာထွက်ပါတယ်။ လက်ဖက်စိုများအနက် နမ့်ဆန်မြိုနယ် ဇယန်းကြီး အရပ်မှ ထွက်သော လက်ဖက်ကိုသာ အကောင်းဆုံးဟု သတ်မှတ်ထားပါတယ်။ ဇယန်ကြီးအရပ်မှ မြေသြဇာ အကောင်ဆုံးဖြစ်တယ်။ နေရောင်ခြည်စ၍ ထွက်လျှက် ထွက်ခြင်း လက်ဖက်ပင်များတွက် လိုအပ်သော အပူရှိန်ကိုလည်း မှန်မှန်ရရှိတယ်။ ရွာချသော မိုးရေလည်း လက်ဖက်ပင်များအောက်တွင် ၀ပ်မနေဘဲ လျှောကျသွား စေနိုင်တဲ့ သဲမြေ၊ ကျော်ကစရစ်ခဲမြေ၊ အခံဓါတ်နဲ့ အအေးဓါတ်များရှိပါတယ်။ အရပ်လေးမျက်နှာ (သို့) အရပ်ရှစ်မျက်နှာမှ တိုက်ခတ်သော လေပြင်းမုန်တိုင်း ဒဏ်များကို မထိခိုက်နိုင်ရန် တောင်များကလည်း ပတ်လည်ဝိုင်း၍ ကာကွယ်ပေး လျက်ရှိတယ်။ ထိုသို့သော ပထ၀ီအနေအထားကို အကြောင်းပြု၍ ဇယန်းကြီးအရပ်မှ လက်ဖက်မှာ အကောင်းဆုံးဟု သတ်မှတ်ကြပါတယ်။လက်ဖက်စိုလုပ်နည်းမှာ လက်ဖက်ပင်မှ မနုမရင့်ကျင့်ကျင့်။ ငါးထွေရွက် လက်ဖက် ရွက်များကို ခူးယူရပါတယ်။ ခူး၍ ပေါင်းပြီး နယ်ကာ မြေကျင်းထဲရှိ နှီးနှင့်ရက်လုပ် ထားသော ပုတ်ထဲသို့ ထည့်ရတယ်။ ပြီးတော့ ဂုတ်နှိပ်သိပ်ထားကာ ဖျာကြမ်းများဖုံး အုပ်လျက် မြေဓါတ်နှင့် နှပ်ထားရပေသည်။ လက်ဖက်စို ပြုလုပ်တဲ့အချိန်မှာ အိပ်ရေး အရမ်းပျက်ပါတယ်။ ည ၈ မှ မနက် ၁နာရီအထိ လက်ဖက်ပေါင်း လှိမ့်ပေးရတယ်။ လူအင်အားနဲ့ လှိမ့်ပေး ရတယ်။
ရနံ့သင်း၍ ဖန်ချိုအရသာရှိသော လက်ဖက်ခြောက်နှင့် လူတကာလျှာလည်အောင် အရသာကောင်းသည့် လက်ဖက်စိုများအားပြုလုပ်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ ခေတ်မှီဖွံ့ဖြိုးမှုမရှိသေးသောကြောင့် လူအင်အားဖြင့်သား နေရာ တကာ လုပ်နေရသော ပလောင်လူမျိုးများအတွက် ပင်ပန်းလှပါတယ်။
(၉)
လက်ဖက်ခြောက်၊ လက်ဖက်စိုများကို မြန်မာပြည် အနှံ့တွင် ဆိုင်များတွင် တင်ပို့ ရောင်းချပါတယ်။ အချို့မှာ မိမိရွာတွင်းရှိ ပလောင်ပွဲစားများ။ တရုတ်ပွဲစားများထံ ရောက်ချပြီး တရုတ်နယ်စပ်ရှိ ပလောင်များမှာလည်း တရုတ်ပြည်ဘက်သို့သွား၍ ရောင်းချကြပါတယ်။ တချို့ များသောအားဖြင့် မြန်မာပြည်အောက်ပိုင်း အထက်ပိုင်း။ အလယ်ပိုင်းရှိ လက်ဖက်ကုန်သည်များ ပွဲစားများက လာရောက် ၀ယ်ယူသူများထံ ရောင်းချပါတယ်။ တချို့ငွေကြေး တတ်နိုင်သူများ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့ ဆင်းပြီး ကိုယ်တိုင်း ရောင်းချ ပါတယ်။လက်ဖက်ဈေးများကို ယခုလက်ရှိ အုပ်ချုပ်နေသော စစ်အစိုးရများက ချုပ်ကိုင်၍ တိုက်ရိုက်ကိုင်တွယ် ဆုံးဖြတ်ပေးပါတယ်။
နိဂုံးချုပ်အနေနဲ့ “လက်ဖက်ကောင်းစားလိုလျှင် ပလောင်တောင်တက်နှေး” လက်ဖက် ကောင်းစား ချင်လျှင် ပလောင်တောင်တက်နေရမယ်ဟု တင်စား ခေါ်ဝေါ်ကြပါတယ်။
မယ်တို့ပလောင်စာအုပ်တွင် ကောက်နုတ်ထားသလို တချို့ပလောင်သူငယ်ချင်းများကို မေးမြန်းရေး သားထားပါတယ်။
လက်ဘက်ခြောက်လုပ်တဲ့ အပင်နဲ့ လက်ဘက်သုတ်လုပ်တဲ့ အပင် အတူတူပဲဟုတ်။
ReplyDelete