တပို့တွဲလတွင် ထင်ဖြူပုံပွဲတော်ပလောင်လူမျိုးများသည် တပို့တွဲလတွင် များသောအားဖြင့် မုန့်လုပ်စား တတ်ပါတယ်။ အဓိကမုန့်များမှာ မုန့်ဖက်ထုပ် (ကောက်ညှင်းဆန်ကို အမုန့်ကြိတ်ပြီး ကြံသကာ၊ အုန်းသီး၊ နှမ်း၊ ဖတ်ရွက် နှင့် ထုပ်ထား) မုန့်လက်ကောက်၊ ခေါပုတ်၊ ခေါင်ယာဂု စအရှိသည်ကို ပြုလုပ်ပါတယ်။
ခြောက်သွေ့တဲ့ရာသီဖြစ်သလိုအစားအသောက်ဆင်းရဲတဲ့အချိန်ဖြစ်ပါတယ်။ ကြမ်းတမ်းသော အလုပ်လုပ်တဲ့ အချိန်ဖြစ်တယ်ဆိုတော့ ကျမတို့ တပို့တွဲ မတိုင်ခင် (၃-၄)အလိုမှာ အနားယူပါတယ်။ ကောက်ညှင်းဆန်၊ ကြံသကာတို့ အလုအယက် ၀ယ်ယူထားကြပါတယ်။ ပြီးတော့ များသောအားဖြင့် နေ့ခင်း (သို့) ညဆိုရင် လူပျို၊ အပျိုများက အချိန်ယူပြီး မုန့် ကြိတ်ကြပါတယ်။ လူငယ်များက တအိမ်တက် တအိမ်ဆင်း ကူညီလေ့ရှိပါတယ်။
မုန့်ရတဲ့အချိန်မှာ အိမ်တွင်းရှိ ဘုရားကို အထွတ်အထိပ်ထားပြီး အရင်လှူသလို ဘုန်းကြီးကျောင်းမှာရှိသော ဘုရားကိုလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ဆွေမျိုးအိမ်များကို မုန့်လိုက်ပေးပါတယ်။ သူအိမ် လည်းလုပ် ကိုယ်အိမ်လည်းလုပ် မုန့်များကို ဖလှယ် ပေးကြပါတယ်။ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ အိမ်တိုင်းလိုလို အလုပ်နားပြီး အချိန်ပေး မုန့်လုပ်လေ့ရှိပါတယ်။
ပြီးတော့ ထင်ဖြူ (မိုင်လို)ကို စေတီပုံဆောက်ပါတယ်။ တပို့လပြည့်ရောက် တယ်ဆိုရင် ထင်ဖြူ မီးပုံပွဲကို ဗုံမောင်းတီးပြီး မီးရှုကြပါတယ်။ ဒါဟာလဲ ပလောင်တို့ရဲ့ ရိုးရာဖြစ်ပါတယ်။
တပေါင်းလတွင် အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါတယ်။ နယ်အရပ်ရပ်က ပလောင်လူမျိုးများ စုပေါင်း၍ ပွဲတော် ဆင်နွဲတဲ့ အချိန်ဖြစ်ပါတယ်။ နမ့်ဆန်မြို့မှာဆိုရင် ဘုရားကြီးရှိပါတယ်။ ဘုရာကြီးပေါ်မှာ ဆိုင်ခင်းအတွက် သဲကလေးတွေ ဆောက်လုပ်ထားပါတယ်။ နမ့်ခမ်းဘက်ဆိုရင် နမ့်ခမ်းမြို့မှာဖြစ်ဖြစ် ကျေးရွာအုပ်စုပဲဖြစ်ဖြစ် စုပေါင်းပြီး လုပ်ဆောင်ကြပါတယ်။ မန်တုန်မှာဆိုရင် လည်း ထိုနည်းတူစွာဖြင့် ပြုလုပ်သလို တခြားသော မြို့နယ်တွေမှာ လည်း ပြုလုပ်ပါတယ်။
ပြီးတော့ တခြားသော သီပေါ၊ လားရှိုး၊ ကျောက်မဲ ရှမ်းလူမျိုးက လာရောက်၍ စားစရာ ငါးချဉ်ကောင်း၊ ၀က်သချဉ်းကောင်း၊ မုန်ညင်းချဉ်းခြောက်၊ မုန်ညင်းခြောက်၊ မုန့်မျိုးစုံတို့ အစရှိတဲ့ ရွှေဖီချိန် သုံးဖို့ ခမောက် တွေကိုလည်းရောင်းချပါတယ်။ ဘုရားကြီး၊ ဘုန်းကြီးကျောင်းတွေမှာလည်း လူတွေစည်းကားတဲ့ အချိန်ဖြစ် ပါတယ်။ စည်းကားလွန်းလို့ လူရပ်တဲ့နေရာတောင် တခါတလေမရှိဘူး။ ပျော်စရာလဲ အရမ်းကောင်းပါတယ်။ ငါးချဉ်ကို ၀ယ်စား ချင်ရင် တဆိုင်ဝင် တဆိုင်ထွက် လိုက်မြီးပြီးမှ ကောင်းတဲ့ဆိုင်တွေ့ရင် ၀ယ်ပါ တယ်။ ဘုရားကို ရွှေဖီချိန် စစထွက်တဲ့ မိုးလွတ်၊ လေလွတ် လက်ဖက် ခြောက်ကို သွားရောက် လှူဒါန်းတဲ့ အချိန်လဲဖြစ်ပါတယ်။
သင်္ကြန်ပွဲတော်ဆိုရင်လည်း အပျော်ဆုံးအချိန်ဖြစ်ပါတယ်။ ရွှေဖီချိန် အလုပ်နားတဲ့ အချိန်ဖြစ်ပါတယ်။ လူပေါင်းစုံနဲ့ ရွာကို လက်ဖက်လာခူးတဲ့အချိန်ဖြစ်တော့ လူပေါင်းစုံ စည်းကားတဲ့ အချိန်ဖြစ်ပါတယ်။ သင်္ကြန်ပွဲ တော်မှာဆိုရင် ဘုရားကိုရေသပ္ပါယ်ပေးတယ်။ လူကြီးတွေကို လိုက်ပြီးရေချိုးပေး အစရှိသည့်တို့ကို လိုက်လုပ် လေ့ရှိပါတယ်။
တချို့သော မြို့မှာဆိုရင် မုန့်ဖတ်ထုပ်တွေ လုပ်စား၊ ရေစိမ်းခေါက်၊ မုန့်ဟင်းခါး၊ ရွှေရည်အေး အစရှိတဲ့ မုန့်မျိုးစုံကို လုပ်တတ်ကြပါတယ်။ ကိုယ့်နဲ့ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကျွေးပါတယ်။ ကိုယ့်နဲ့အသိမိတ်ဆွေများ တယ်ဆိုရင် တအိမ်ပြီး တအိမ်လိုက် ဖိတ်ကြပါတယ်။ တချို့ကျတော့ လူပျို၊ အပျိုတွေ ပေါင်းပြီး ၀င်ငွေရှာ စုဆောင်းလာသမျှ ဧည့်သည်များကို ကျွေးမွေးပါတယ်။
ကဆုန်လဆိုရင် များသောအားဖြင့် ပိုက်ဆံတတ်နိုင်သော ရွာဆိုရင် ပါဌာန်းပွဲ (ဘုန်းကြီးတရားဟော်ပွဲ) ကို ပြုလုပ်လေ့ရှိပါတယ်။
ဝါတွင်းသုံးလဆိုရင် သက်ကြီးရွယ်အိုးတွေက ဥပုဒ်အဖိတ်တိုင်းတွင် ဇရပ်မှာသွားစောင့်ပါတယ်။ ဥပုဒ်သွားစောင့်တဲ့အချိန်ဆိုရင် ရွာမှာကြီးတဲ့ လူပျို၊ အပျိုတွေ၊ အသက် ၃၀-၄၀ရှိတဲ့အမျိုးသမီးတွေက ညရောက် ရင် အချိုပွဲတခုခု သွားကျွေးပါတယ်။ တချို့သော လူငယ်တွေက အဖွဲ့ဖွဲ့ပြီး ၀င်ငွေရှာပါတယ်။ အဘိုး၊ အဘွား တွေကို ကျွေးမွေးဖို့ဖြစ်ပါတယ်။
အဖိတ်ညနေဆိုရင် ကုမ္မာရီအဖွဲ့များက လပြည့်နေ မနက်ဆွမ်းတော် တင်ရန်အတွက် အသီးအနှံကို ပုံစံ အမျိုးမျိုးနဲ့ ပန်းပုံဖော်ပါတယ်။ ပြင်ဆင် ထားပါတယ်။ ဘုန်းကြီးနဲ့ ဥပုဒ်စောင့်သော အဘိုးအဘွားတွေအတွက် ထမင်းဟင်းကို ပြင်ဆင်ထားပါတယ်။ တခါတလေ ဒကာခံပေးတဲ့လူရှိတယ်။
ရွာသူရွာသားတွေလည်း အဖိတ်၊ ဥပုဒ်ဆိုရင် အလုပ်နားကြပါတယ်။ အဘိုး၊ အဘွားတွေလည်း လပြည့်နေ့ မတိုင်းခင် (၈)ရက်မှာ ဘုန်းကြီးကျောင်း၊ စေတီမှာ ရှိတဲ့ မြက်ပင်တွေကို သွားရောက်ရှင်းလင်းကြပါတယ်။ ၀ါတွင်းသုံးလဆိုရင် လူငယ်တွေ၊ သက်ကြီး ရွယ်အိုးတွေက အရမ်းပျော်ရွှင်ကြပါတယ်။
သတင်းကျွတ်ပွဲတော် ဆိုရင်တော့ တရွာပြီးတရွာ လိုက်လံလှူဒါန်းကြပါတယ်။ ကျမတို့နဲ့ ရင်းနှီးတဲ့ ရွာဖြစ်သလို ကျမတို့နဲ့ အလှူအဒါန်း လုပ်ချင်သောရွာလည်းဖြစ်ရမယ်။ ကျမတို့ ဘုန်းကြီးက ၀ါကြီးတယ်ဆိုရင် ကျမတို့ဆီ အရင်လှူရပါတယ်။ တခြားရွာ ဘုန်းကြီး ၀ါကြီးတယ်ဆိုရင် တခြားရွာကို သွားလှူရပါတယ်။
သတင်းကျွတ်ဝါဆိုပွဲဆိုရင် လူဦးရေကို မသတ်မှတ်ထားပါဘူး။ လာချင်သလောက် လာလို့ရပါတယ်။ မလာခင်ဆိုရင်တော့ လူဦးရေ ဘယ်လောက်လာ မလဲဆိုတာ ခန့်မှန်းပြီး ပြောပေးရပါတယ်။ ဒါမှ ရွာအိုးသူကြီးတွေ ဟင်းချက်၊ ထမင်းချက်ဖို့ ခန့်မှန်းနိုင်ပါတယ်။ ဟင်းတွေက များသောအားဖြင့် ရွာမှာရှိသော ဖရုံသီး၊ ဗူးသီး၊ မျဉ်းချဉ်နဲ့ ဟင်းချက်ဖို့ ထင်းအစရှိသည်တို့ကို ရွာအိုးသူကြီးထံ စေတနာရှိသလောက် ပေးရပါတယ်။ ထမင်းကို ရပ်ကွက်အလိုက် သတ်မှတ်ပြီး ချက်ခိုင်းပါတယ်။ ကျန်ရှိသော လိုအပ်သော အသုံးစရိတ် များကိုရွာများက စေတနာရှိသလောက် လှူဒါန်းကြပါတယ်။
တချို့ရွာတွေဆိုရင် ပိုက်ဆံတတ်နိုင်သော လူငယ်အဖွဲ့ရှိတယ်ဆိုရင် စတိတ်ရှိုးပွဲ ထောင်ပါတယ်။ များသော အားဖြင့် စတိတ်ရှိုးရှိသော ရွာကို လူတွေက စည်းကားလေ့ရှိပါတယ်။
တရွာပြီးတရွာလိုက်လှူဒါန်းတဲ့အချိန်မှာ ပျော်စရာအလွန်ကောင်းပါတယ်။ ကိုယ့်ရွာအလှည့်ရောက်ရင် တခြားရွာ ကို ကြိုဆိုဖို့အတွက် အိုးစည်မောင်းသံနဲ့၊ ဗုံမောင်းသံနဲ့ ကြိုဆိုပါတယ်။ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်နဲ့ အတူ လူပျို၊အပျိုနဲ့ ပေါင်းပြီးကြိုဆိုပေးရပါတယ်။ တချို့ရွာဆိုရင် အရမ်းကိုဝေးလွန်လှပြီး တညစောပြီး လာအိပ်ပါတယ်။ သတင်းကျွတ်ပွဲတော်သည် ပလောင်တွေရဲ့ တန်ဖိုးထားသော အရာဖြစ်ပါတယ်။
သတင်းကျွတ်ပွဲတော်တွင် အခြားရွာတွင်လာရောက်လှူဒါန်းပုံ
တဆောင်မုန်းလ ဆိုရင် ဆီးမီးခွက်ထွန်းပွဲ ပြုလုပ်လေ့ရှိပါတယ်။ အဖိတ်နေ့ဆိုရင် လူပျို၊လူပျိုခေါင်း ဆောင်များက ဗုံမောင်းနဲ့အတူ သိုင်းအကကို ကပါတယ်။ အပျိုခေါင်းဆောင်တွေ အပျိုချောလေးနှစ်ယောက်ကို ရွေးချယ်ပြီး လက်ကိုင်ပ၀ါ ခါးကြားမှာ ထိုးခိုင်းပါတယ်။ တချို့သောလူပျိုတွေက အပျိုလေးကို စနောက်ချင်တာနဲ့ ဟိုရှောင် ဒီရှောင် လိုက်နောက်နေပါတယ်။ အချိန် ၅-၁၀မိနစ်လောက်ကြားမှ လက်ကိုင်ပါဝါ ထိုးရပါတယ်။ တချို့အပျိုလေးက ကြမ်းတမ်းတယ်။ အိတ်ထောင်ထဲကိုရအောင်ထည့်သလို တခါတလေ အိတ် ထောင်ပြဲတဲ့ အထိ ဖြစ်ပါတယ်။ ညနေ (၈)နာရီမှ (၁၂)နာရီအထိ သိုင်းအက ကလေ့ရှိပါတယ်။ အဖိတ်နေ့ နဲ့လပြည့်နေ့ဆိုရင် ဖယောင်တိုင်းကို အိမ်တိုင်းလိုလို ထွန်းကြပါတယ်။
လပြည့်နေ့ဆိုရင် ထင်းရှုမီးပုံနဲ့ ဆီးမီးထွန်းပုံပွဲကို စေတီမှာ ထွန်းပါတယ်။ စေတီတော်မှာ အဘွားကြီးတွေရဲ့ အလှည့်ဖြစ်ပြီး ဗုံမောင်းအကြီးကို တီးခတ်ရင်း ကပါတယ်။ မီးပုံပွဲကို ကြိုဆိုတဲ့အနေနဲ့ဖြစ်ပါတယ်။ ဒီနေ့ထူး၊ နေမျှတွေဟာ ကျမတို့ ပလောင်လူမျိုးတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေ့ထွတ်နေ့မျှဖြစ်ပါတယ်။
မီးပုံးလွင့်ရန် ပြင်ဆင်နေကြပုံ
စေတီပတ်ပတ်လည်တွင် ဖရောင်းတိုင်များ ထွန်းညှိထားသည့်ပုံ
တန်ဆောင်တိုင်ညတွင် အိုးစည်ဗုံမောင်းတီးခတ်ရင် ပြင်ဆင်နေကြပုံ
Read more...
No comments:
Post a Comment