Monday, March 16, 2009

လက်ဖက်အကြောင်း

မတ်လ၁၂ရက်နေ့တွင် နအဖ မြန်မာ့အလင်းသတင်းစာထဲမှာ ပလောင်လက်ဖက်အကြာင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားခြင်းကို တွေ့ရှိရပါတယ်။ အခုလက်ရှိလည်း သတင်းမီဒီယာတွင် ပလောင်ပြည်သူလူထုတို့၏ အမြင်သဘောထားများကို တိုက်ရိုက် ဆက်သွယ်မေးမြန်းထားမှုလည်း ကြားနေရပါတယ်။


ကျမ တဦးတယောက်အနေဖြင့် ဤထုတ်ပြန်ကြေငြာချက်အပေါ် အမြင်သဘောများကို တင်ပြလိုပါတယ်။ လက်ဖက်သည် ကျမတို့ ပလောင်လူမျိုး၏ အသက်မွေးဝမ်းကျောင်းဖြစ်သလို အသက်နှင့်တန်ဖိုးထားသော ကျေးဇူးရှင် တပါးဆိုရင်လည်း မမှားပါဘူး။

နအဖ ကျန်းမာရေး ၀န်ကြီးဌာန စစ်ဆေးချက်အရ လက်ဖက်ကို အ၀ါဆိုးဆေး Aura mine လို့ခေါ်တဲ့ ဆေးတစ်မျိုးကို တွေ့ရှိရတယ်။ အ၀ါရောင် ဆေးဆိုးထဲတွင် ချည်၊ သိုးမွှေး ပိုတဲ့ စက္ကူ၊ သရေတွေကို အရောင်ဆိုးတဲ့ ဓါတုပစ္စည်းဖြစ်ပါတယ် အ၀ါရောင်ဆိုးဆေးပါသော လက်ဖက်ကိုလည်း မစားသုံးဟုပြောပြီး စားမိရင် အခုအဆိပ်အတောက်မဖြစ်ပေမယ့် ကြာလာရင် ကင်ဆာ၊ အသဲနှင့်ကျောက်ကပ်၊ ခန္ဓာဗေဒ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နိုင်တယ်လို့ မတ်လ ၁၂ရက်နေ့တွင် နအဖ မြန်မာ့အလင်းသတင်းစာထဲမှာ ထုတ်ပြန်ကြေငြာ ချက်ထုတ်ထားပါတယ်။ ကြားလိုက်ရတဲ့သတင်းကိုတော့ တော်တော်လေးနှင့် စိတ်မကောင်းဖြစ်မိပါတယ်။


ကျမတို့ ပလောင်လူမျိုးများသည် လက်ဖက်ပိုင်ရှင်ဖြစ်သော်လည်း များသောအားဖြင့် ကုန်ကြမ်းလောက်ဖြင့် ထုတ်လုပ်နိုင်ပါတယ်။ ပွဲစားထံမှတဆင့် ကျမတို့ ပြန်ရောင်းပါတယ်။ ပွဲစားမှ တဆင့် မန္တလေးတို့၊ အောက်မြန်မာပြည်ကို ပို့ကုန်အဖြစ်ပို့ထားပါတယ်။ ထို့မှတဆင့် လက်ဖက် ကုန်ချောကို ထပ်မံပြီး ထုတ်လုပ်ထားပါတယ်။


ကျမတို့ လက်ဖက်ပိုင်ရှင်တွေက လက်ဖက်စိုကို ခက်ခက်ခဲခဲနဲ့ တဆင့်ပြီး တဆင့်ပြုလုပ်ရပါတယ်။ လက်ဖက် ပြုလုပ်တဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ ပြုလုပ်ရပါတယ်။ လက်ကိုလည်း ဆီတွေမပေအောင်၊ လက်ဖက်ထဲမှာ မြေကြီး၊ ကျောက်ခဲတွေမပါအောင်၊ လက်ဖက်ထဲမှာ ရေအများကြီး ထည့်လိုမရပါဘူး၊ ရေထွက်လာအောင်လည်း အပေါက်တွေ လိုအပ်ပါတယ်။ သတိထားပြီး ပြုလုပ်ပေးရပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒီပစ္စည်းတွေ ပါလာရင် ကျမတို့ လက်ဖက်စိုဟာ လုံးဝအထားမခံသလို လက်ဖက်ပျော့ပြီး ပျက်သွားနိုင်တယ်။


လက်ဖက်ထည့်ထားသည့်နေရာတွင် ၀ါးကို ပုပ်အဖြင့် ပြုလုပ်ပြီး (သို့) ပလက်စတစ် သန့်သန့် (သို့) ငှက်ပျော်ရွက်နှင့် ခံထားပြီးမှ လက်ဖက် သိပ်ထားရပါတယ်။ တချို့ကျတော့ မြေတွင်းကိုကျင်းအဖြင့်တူးပြီးမှ ဌက်ပျောရွက်ခံပြီး လက်ဖက်ကိုထည့်ထားပါတယ်။ လက်ဖက်ဝယ်သည့်ပွဲစားပေါ်မူတည်ပြီး ရောင်းပါတယ်။


တချို့ကျတော့ (၅-၁၀)လအထိ ထားပါတယ်။ လက်ဖက်ပိုင်ရှင်တွေဟာ လက်ဖက်ခြံ ဘယ်လောက်ပဲ ဧကကြီးကြီး၊ လက်ဖက်စို ဘယ်လောက်ပဲလုပ်လုပ် အ၀ါရောင်ဆေးကို သုံးလေ့မရှိပါဘူး။ မူရင်းလက်ဖက်စိုအရောင်ဟာ တောက်ပြောင်လှပပြီး ဖြစ်ပါတယ်။

တောင်ပေါ်မှာ လွန်ခဲ့သော (၁၀)နှစ်တုန်းက အ၀ါရောင် ဆိုးဆေးဆိုတာ ရှိတော့ ရှိတယ်။ ရှားရှားပါးပါးပဲ တွေ့ရှိရတယ်။ ပွဲစားတွေလည်း ဆေးဆိုးတာ မရှိသလောပါဘဲ။ ဒါပေမယ့် များသောအားဖြင့် ၂၀၀၃နောက်ပိုင်းတွင် ပွဲစားများက အ၀ါရောင်ဆေး အသုံးပြုလာတာကို တွေ့ရှိရပါသည်။


ဒီဆိုးဆေးတွေဟာ ဘယ်ကလာသလဲဆိုတာ ကျမတို့ အရင်းအမြစ်ရှာမှ ဖြစ်မယ်။ ဘာကြောင့် ကျမတို့ ပလောင်တောင်ပေါ်ဒေသကို ဘယ်လိုရောက်ရှိသလဲ၊ ဘယ်ကလာသလဲအစရှိသည်ကို အသေးစိတ် သုတေသန လုပ်ရမှာ ဖြစ်ပါတယ်။


ကျမတို့ ပလောင်လူမျိုးတွေက ဒီဆိုးဆေး တီထွင် ကြံဆပြီး ထုတ်လုပ်ထားတာ လုံးဝ မဟုတ်ဘူးဆိုတာ သေချာပြောရဲပါတယ်။ ဒီဆိုးဆေးဟာ အထက်မြန်မာပြည်၊ အောက်မြန်မာမှာ ပထမဦးဆုံး အသုံးပြုတယ်လို့လည်း သိရှိရပါတယ်။ ထို့မှတဆင့် ကျမတို့ တောင်ပေါ် ပွဲစားမှ တဆင့် အသုံးပြုလာသည်ကို တွေ့ရှိရပါတယ်။


အထူးသဖြင့် ပြောချင်တာကတော့ ကျမတို့ တောင်ပေါ်မှာ လက်ဖက်ပိုင်ရှင်၊ လက်ဖက်နှင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေတဲ့ ပလောင်ပြည်သူလူထုတွေဟာ ဆိုးဆေးကို လုံးဝ မသုံးပါဘူး။


ကျမတို့ ပလောင်လူမျိုးတွေဟာ လက်ဖက်ကို နှစ်ပေါင်းများစွာဖြင့် စားသုံးလာကြသူဖြစ်ပါတယ်။ လက်ဖက်ခြောက်မှာဆိုရင် အမျိုးသမီးအတွက် ရင်သားကင်ဆာကို ကာကွယ်ပေးသလို၊ ရင်ကျပ်ဖြစ်ဖို့လည်း နည်းပါးပါတယ်။


ဒီလက်ဖက်ဟာ ကမ္ဘာသုံးလက်ဖက်ဖြစ်ပါတယ်။ လက်ဖက်မှတဆင့် ကုန်ချောပစ္စည်း အမျိုးမျိုး ထုတ်လုပ်ထားပါတယ်။ ဥပမာ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ တီမစ်၊ ချိုချဉ်၊ အားလူကျော်နှင့်အချိုရည်အမျိုးမျိုးကို ထုတ်လုပ်ထားပါတယ်။


ဒီဆိုးဆေးကြောင့် တကယ်ပဲ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာ ထပ်မံပြီး တိတိကျကျ စုံစမ်းရမှာဖြစ်ပါတယ်။ တကယ်ပဲ ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့လည်း ဆိုးဆေးတွေကို ဆက်လက်အသုံးမပြုဖို့ တားမြစ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့လည်း တချို့ကို မေးကြည့်တော့ တိတိကျကျ မသိရဘူးဖြစ်နေတယ်။


ဒီသတင်းကို နအဖရဲ့ မြန်မာ့အလင်းသတင်းစာထဲကဆိုတော့ တချို့သော လက်ဖက်ကုန်ချောကို နအဖတွေကိုယ်တိုင် ထုတ်လုပ်တယ်လို့ သိရှိရတယ်။


အခုတလော သတင်းမီဒီယာထဲမှာ လက်ဖက်အကြောင်း တော်တော်လေးကို သတင်းပြန့်ကျဲနေတာကို ကြားနေရပါတယ်။ လက်ဖက်နဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့ ကျမတို့ ပလောင်ပြည်သူလူထုအတွက် စိုးရိမ်စရာဖြစ်သလို စီးပွားရေးကျပ်တည်းနေတဲ့အချိန်ကာလ ခေတ်ကာလမှာ ပလောင်ပြည်သူလူထုတွေ လုံးဝ ဒုက္ခရောက်သွားနိုင်ပါတယ်။ အခုလက်ရှိ ကျမတို့ဆီမှာ ရွှေဖီချိန်ကျရောက်တဲ့ အချိန်ဖြစ်သလို ၀င်ငွေရှာဖွေစုဆောင်းထားတဲ့အချိန်လည်းဖြစ်ပါတယ်။


အခုလက်ရှိ နာဂစ်ကြောင့် အဓိက လက်ဖက်ဝယ်စားတဲ့ ဧရာဝတီတိုင်းတွေက လက်ဖက်ဝယ်ယူစားသုံးမှု သိပ်မရှိသလောက်ဖြစ်ပြီး နမ့်ဆန်မြို့နယ် နအဖဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းထွန်းက လက်ဖက်ဈေးကို ချုပ်ကိုင်ပြီး လျော့ဈေးဖြင့် ပေးထားပါသည်။ အခုဒီသတင်း တွေကြောင့် ကျမတို့ လက်ဖက်ကို ၀ယ်ယူစားသုံးသူ နည်းပါးသွားနိုင်တယ်။


ကျမတောင်းဆိုချင်ပါတယ်။ လက်ဖက်ဈေးကို ချုပ်ကိုင်နေသော နအဖနှင့် ပွဲစားများ လက်ဖက်ဈေးနှုန်းကို တိုးမြင့်ပေးရန်၊ ဒုက္ခရောက်နေသော ပလောင်ပြည်သူလူထုကို ကူညီပေးပါ။

Read more...

No comments:

Post a Comment