ညီမလေးရေ---
ပလောင်ဒေသအကြောင်း ပြောဖို့ထပ်ပြီး ပူဆာတယ်ဆိုတော့ ဘာကြောင်းပြောရင် ကောင်းမလဲလို့ စဉ်းစားလိုက်တဲ့ အချိန်မှာ ပလောင်အမျိုးသမီးတွေ ဒုနဲ့ဒေး ခံစားနေကြရတဲ့ အကြောင်းအရာတခုကို ပြောပြရရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ ညီမလေးလည်း စိတ်ဝင်စားမယ်ထင်ပါတယ်။ မယုံနိုင်လောက်အောင်ဖြစ်သွားရတဲ့ အစ်မတို့ အဖြစ်အပျက်တွေထဲက တခုလို့ နားလည်လိုက်ပေါ့ ညီမလေးရေ
(၂)
ပလောင်ဒေသကို မရောက်တာ အတော်ကြာပြီဖြစ်တဲ့အတွက်
ပြီးခဲ့တဲ့လက ကိုယ့်ဒေသကို ပြန်ရောက်တဲ့အချိန်မှာ ပလောင်ဒေသရဲ့ မြင်းကွင်းကို မြင်လိုက်ရတော့ ကိုယ့်ကိုယ်တိုင်တောင် တကယ်ပဲ
အံ့အားသင့်မိတယ်။ အရင်တုန်းက စိမ်းလန်စိုပြေနေတဲ့ ပတ်ဝန်းကျင်ဟာ အခုတော့ သဲကန္တရကြီးလို ခြောက်သွေ့သွားလိုက်တာ ဘယ်ကိုကြည့်ကြည့် ပလောင်ဒေသ မဟုတ်တော့သလိုပဲ။
ညီမလေးရယ်--
အကျင့်စရိတ္တ ပျက်ပြားကုန်တဲ့ ပလောင်အမျိုးသားတွေက သူတို့ဘ၀မှာ အနာဂါတ်မျှော်လင့်ချက်ဆိုလို့ ဘာဆိုဘာမှ မရှိတော့သလိုမျိုး၊ သူတို့နှင့်အတူ ပေါင်းဖော်ပေါင်းဖက် ဇနီးမယား၊ သားသမီးစတဲ့ မိသားစုတွေရဲ့ ဘ၀တွေကျပြန်တော့လည်း အသက်ရှင်လျက်နှင့် သေဆုံးနေကြရရှာတယ်။
မန်တုန်၊ နမ့်ခမ်းနှင့် နမ့်ဆန့်မြို့နယ်တွေမှာရှိတဲ့ ရွာတချို့ကို လှည်ပတ်တဲ့အချိန်မှာ ဘာတွေ တွေ့ရသလဲသိလား။ ဘိန်းသမားတွေကို အများဆုံးတွေ့ရတယ်။ မရောက်ဖြစ်တဲ့ (၄-၅)နှစ်အတောအတွင်းမှာ ပတ်ဝန်းကျင်က အရမ်းကို ပြောင်းလဲသွားတယ်။ ရောက်သွားတဲ့ ရွာတိုင်းဟာ ဘိန်းသမားမရှိတဲ့ ရွာရယ်လို့ မရှိတော့ဘူး။ အနည်းနှင့်အများဆိုသလိုရှိကြတာချည်းပဲ။ ဘာကြောင့်များ လူတိုင်းလိုလို ဘိန်းသမားတွေ ဖြစ်ကုန်ကြတာလဲ။ စဉ်းစားလို့ ဘယ်လိုမှ မရနိုင်အောင်ပါပဲ။
လူကြီး၊ လူငယ်မရွေး အားလုံး ဘိန်းစားကြတယ်။ အထူးသဖြင့် လူငယ်တွေ အသက် (၁၃-၃၀) အတွင်း ပိုပြီးအဖြစ်များတယ်။ သူတို့တယောက်နဲ့တယောက် အတုခိုးပြီး ဘိန်းအစား ပြိုင်နေကြသလိုပဲ။ “ဘိန်းမရှု လူမဟုတ်” ဆိုပြီး စကားပုံအသစ်တခုထွင်ထားသလိုပါပဲ။
ဘိန်းသမားတယောက် ဘိန်းရှူနေရတဲ့ကာလမှာ သူတို့အတွက်တော့ နတ်ပြည်ရောက်နေသလိုပဲတဲ့။ ဒါကြောင့်ပဲ အလုပ်မလုပ်ဘဲနဲ့ နေ့စဉ်၊ နေ့တိုင်း သူတို့အတွက် ဘိန်းဝယ်ဖို့ငွေရလာအောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးတတ်ကြတယ်။ ဘိန်းသမားဖြစ်တော့ အိမ်အတွက်၊ စားဝတ်နေရေးအတွက် အလုပ်မလုပ်ချင်တော့သလို သူတို့သုံးဖို့တောင် အလုပ်မလုပ်ချင်ကြတော့ဘူး။ ရတဲ့နည်းလမ်းနဲ့ ရှာကြံကြတော့တာပဲ။ သူတို့ ဘိန်းးစားတာဟာ သူတို့တဦးတယောက်အတွက် စိတ်ကျေနပ်စရာဖြစ်ပေမယ့် သူတို့နဲပအတူရှိတဲ့ လူတွေအတွက်တော့ ထိခိုက်နစ်နာစရာတွေ အများကြီးဖြစ်သွားစေတယ်။
ညီမလေးပဲ စဉ်းစားကြည့်လေ---
သူတို့ ဘိန်းစသုံးစွဲတယ်ဆိုရင်ပဲ အလုပ်က မလုပ်ချင်ကြတော့ဘူး။
အလုပ်မလုပ်ချင်ပေမယ့် ငွေကလိုနေတာဆိုတော့ ငွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာကြံကြတယ်။ ရနိုင်တဲ့ နည်းလမ်းဟာ ဘယ်နည်းလမ်းက အများဆုံးဖြစ်မလဲ။
ပထမဦးဆုံး မိဘနှင့် ဇနီးမယားကို ချဉ်းကပ်တယ်။ အနုနည်းနဲ့ ပထမဦးဆုံး စတောင်းတယ်။ ဘယ်မိဘ၊ ဘယ်ဇနီးမယားမှ ကိုယ့်လင်ကိုယ့်ယောက်ျား၊ ကိုယ်သားသမီးကို ဘိန်းဖိုးရယ်လို့ ထုတ်ပေးချင်မှာလဲ။ အနုနည်းမရတော့ သောင်းကျန်းတော့တာပဲ၊ တခါတလေ ကိုယ်ထိလက်ရောက် အကြမ်းဖက်လာတာမျိုးထိ ဖြစ်လာတယ်။ မိမှန်းမသိ၊ ဖမှန်းမသိ၊ မယားမှန်းမသိ၊ သားမှန်းမသိဆိုတာမျိုးဖြစ်လာတယ်။ လိုချင်တာရအောင်ယူဖို့ စိတ်တခုထဲနဲ့ပဲ ဆူကူကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက် စော်ကားလာကြတယ်။ ဒီဒဏ်တွေကို မိဘနဲ့ ဇနီးသည်တွေက ဒုနဲ့ဒေး နေ့စဉ်နဲ့အမျှ ခံစားနေကြရတာပါ။
မိဘ၊ ဇနီးမယားထံ တောင်းလို့မရရင် တဆင့်တက်ပြီး ဘာလုပ်တယ်ထင်လဲ ညီမလေး။
ဘိန်းကို စွဲလမ်းတဲ့အတွက်ကြောင့် သုံးမိသူတတွေဟာ မသုံးရရင် မနေနိုင် ဖြစ်လာတော့တယ်။ ဘိန်းကို မရရအောင် ရှာတော့တယ်။ မရရင် ရတဲ့နည်းကို သုံးလာတယ်။ အဲ့ဒီလိုနဲ့ လူကောင်းဘ၀ပျက်ပြီး လူဆိုး၊သူခိုးဘ၀ကို မရောက်ချင်ဘဲ ရောက်သွားရတော့တယ်။ ဘိန်းသုံးစွဲလာတဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ စိတ်မကူးတော့တဲ့ အပြင် သူတို့တဦးတယောက် သုံးစွဲဖို့အတွက်တောင် အိမ်က ၀ိုင်းရှာပေးရမယ်ပုံ ဖြစ်လာတယ်။ ဒီလိုနဲ့ ဘိန်းစားစရာ ပိုက်ဆံ မရှိတိုင်း အိမ်တွင်းရှိတဲ့ ပစ္စည်း (ဆန်၊ ဆီ၊ အိုး၊ ခွက်၊ ပန်းကန်) ကအစ အကုန်လုံး ခိုးပြီး ရောင်းစားကြတော့တာပဲ။ တခါတလေများဆို ညနေစာအတွက် ချန်ထားတဲ့ ဆန်ကိုတောင် ခိုးပြီးသွားရောင်းတဲ့ အဆင့်ထိပါပဲ။
အိမ်တွင်းမှာ ရောင်းစားစရာ ပစ္စည်းဆိုလို မရှိတော့တဲ့အခါ ပတ်ဝန်းကျင် ပစ္စည်းကို စပြီးခိုးယူလာပါတယ်။ မိဘမျက်နှာ၊ ဘာမဆိုလုပ်ရဲလာတယ်။ သူတပါးရဲ့ အသက်တချောင်းကိုပင် သတ်ရဲဖြတ်ရဲလာသည်အထိ ဖြစ်လာတော့တယ်။ အဆီကိုစား အသားကိုပါမျိုးတတ်တဲ့ ကြောင်ပါးကြီးရဲ့ မြီးတံတိုဆိုတာထက်ဆိုတဲ့ ဘိန်းရဲ့ သားကောင်တွေဖြစ်ပြီး ဘ၀ပျက်ခဲ့ကြရပါတယ်။
စဉ်းစားကြည့်ပေါ့ ညီမလေးရယ်---
ပတ်ဝန်းကျင်ကပစ္စည်းကို ခိုးမိ၊ လုမိပြီဆိုရင် ဘယ်သူက အမှုမလုပ်ပဲနေမှာလဲ။ နောက်ဆက်တွဲတွေ ရှင်းစရာပြဿနာတွေ တပုံကြီး ဆက်ဖြစ်လာတော့တယ်။ မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ ဒုက္ခပင်လယ်ဝေကြရတယ်။ မိဘဆွေမျိုးအသိုင်းအ၀ိုင်းများတွေက မျက်နှာပျက်ပျက်နဲ့ ပြဿနာပေါင်းစုံကို လိုက်ပြီး ဖြေရှင်းပေးရ၊ ခိုးထားတဲ့ ပစ္စည်းတန်ဖိုးကို မရှိမဲ့၊ ရှိမဲ့နဲ့ ခခယယတောင်းပန်ပြီး လျော်ကြေးပေးရဆိုတာတွေ လုပ်ကြရတော့တယ်။ တချို့အဆင်မပြေတဲ့ မိသားစုမျိုးဆိုရင် ခြံပေါင်၊ အိမ်ပေါင် အဆင့်ထိ ဖြစ်ကုန်ကြရတယ်။ အဲ့ဒီဘိန်းစားတယောက်ကြောင့် မိသားစုတွေ မျက်နှာတစက်မှ မရတဲ့အပြင် လူဘုံအလယ်မှာ မျက်နှာငယ်ကြရတယ်။ ကိုယ်ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘိန်းစားတယောက်ကြောင့် ပတ်ဝန်းကျင်ရဲ့ လျစ်လျူရှုပစ်ပယ်ထားခြင်းကို မိသားစုက ဓါးစားခံအဖြစ် ၀င်ပြီးခံပေးနေရတယ်။ တအိမ်လုံး ဖြူခါ၊ ဖြာခါကျရုံမက ပြာကျသွားတဲ့အထိ နေရက်တဲ့အဖြစ်ဆိုးတွေ အစ်မတို့ ပလောင်ဒေသက မိသားစုတွေ အတွင်းမှာ အံ့သြလောက်အောင် ကြုံကြရတယ်။
ညီမလေး မျက်စိထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။
မိုးမလင်းခင် မိသားစု စားဖို့သောက်ဖို့ ချက်ပြုတ်ပေး၊ အ၀တ်အစားကို လျှော်ဖွတ်ပေး၊
မနက်မိုးလင်တာနဲ့ သား၊ သမီးကျောင်းသွားဖို့ကိစ္စ စီစဉ်ပေးဆိုတာတွေကို ဇနီးသည်ကပဲ အစစဆောင်ရွက်ပေးရတယ်။ ယောကျာ်းလုပ်သူက အိမ်မှာရှိပေမယ့် ကလေးကို ၀ိုင်းပြီးတာဝန်ယူဖို့ ထိန်းကျောင်းပေးဖို့ လုံးလုံး စိတ်ကူးမရှိတော့ဘူး။
နေ့ခင်းရောက်တာနဲ့ ရရာအလုပ်ကို ရှာကြံပြီးလုပ်ကြရတယ်။ များသောအားဖြင့် အလုပ်ကြမ်းတွေကို လုပ်ကြရတာပါ။ အိမ်ရဲ့ပြဿနာ စားဝတ်နေရေး ကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် ရုန်းကန်ကြရတယ်။ ညမိုးချုပ်လို့ အိမ်ပြန်ရောက်ရင် ညစာအတွက် ချက်ရပြုတ်ရတယ်။ တခါတလေ ယောက်ျားက ချန်ထားတဲ့ဆန်ကို ရောင်းပစ်လိုက်လို့ ဇနီးမားက တအိမ်တက်၊ တအိမ်ဆင်း၊ မျက်နှာငယ်ငယ်နဲ့ သားသမီးတွေစားဖို့အရေး လိုက်ချေးငှားရတယ်။
တချို့ကျတော့ သဘောကောင်းကြတော့ ဘာမှ မပြောဘဲ အကူအညီပေးလိုက်ကြတယ်။ တချို့ကျတော့ ယောက်ျားတောင်မှ ဘိန်းစားဖို့ရှိသေးတယ်။ ထမင်းဖို့ကျ မရှိဘူးလားဆိုပြီး အော်ငေါက်လွတ်တတ်တယ်။ ဆန်ရှိပြန်တော့လည်း ဟင်းကမရှိပြန်ဘူး။ ဆန်ကမလုံလောက်တော့ ဆန်ပြုတ်ပြုတ်ပြီး စားကြရတဲ့အဖြစ်မျိုးဟာလည်း မဆန်းကြတော့ပါဘူး။
တခါတလေ ဇနီးမယားက ကွာရှင်းချင်တယ်။ ဒါပေမယ့် သားကိုငဲ့ရ၊ သမီးကိုငဲ့ရနဲ့ မကွာရှင်းဖြစ်ပြန်ဘူး။ မိတကွဲ၊ ဖတကွဲ ကိုယ့်သားသမီးကို ဘယ်မိဘမှ မဖြစ်စေချင်ကြဘူး။ အစ်မတို့ ပလောင်တို့ ပလောင်ယဉ်ကျေးမှုအရ လင်မယားကွာရှင်းရင် ယောက်ျားတွေက သားသမီးကို ပြုစုပျိုးထောင်ပိုင်ခွင့်ရှိတယ်။ ဘိန်းစားအဖေနဲ့ ဘယ်လိုလုပ်ပြီး ကလေးတွေရဲ့ ကံကြမ္မာကို ပုံအပ်ပေးခဲ့နိုင်မှာလဲ။ ဒါပေမယ့် ဘယ်လိုမှ ဒဏ်ခံနိုင်တော့တဲ့အဆုံး လင်မယားကွဲကြ၊ အိမ်ထောင်တွေ ပြိုကွဲကြ ဖြစ်ကုန်ကြရတယ်။ ဒီလိုနဲ့ ကလေးတွေရဲ့ ပညာရေးကို ထိုခိုက်လာစေတယ်။ ငွေကြေးထောက်ပံ့မှုမရှိတော့ ကလေးတွေကို ကျောင်းဆက်မထားနိုင် ဖြစ်ကြရတယ်။ ဖျားရင်နာရင်လည်း ဆေးမကုနိုင်ဖြစ်ကြရပြီး မသေသင့်ဘဲ အသေစောကြရတာမျိုး ဖြစ်ကုန်ရတယ်။
အမျိုးသမီးက လင်ယောက်ျားအတွက်ပဲ ခံစားရတာ မဟုတ်ဘူးနော် ညီမလေး---
လင်ယောက်ျားကတမျိုး၊ သားကတဖုံ ဘိန်းစွဲနေကြရတာမျိုးလည်း ရှိတတ်တယ်။ မိမနိုင်၊ ဖမနိုင်ဖြစ်နေကြတယ်။ အဖေက ဘိန်းစွဲနေတော့ မွေးလာတဲ့သားကို ဘယ်လိုလုပ် ဆုံးမလို့ရမှာလဲ။ လူငယ်တွေကြားမှာ ဘိန်းစားကိစ္စက ဘာမှမဆန်းတော့သလို ဖြစ်နေရတဲ့အထဲ အဖေကိုယ်တိုင်က ဘိန်းစွဲနေတော့ ဘယ်လောက်ခက်ခဲလိုက်မလဲဆိုတာ စဉ်းစားသာကြည့်ပါ ညီမလေးရေ။
ဘယ်လိုလဲ ညီမလေး ကြောက်သွားပြီလား---
မကြောက်နဲ့နော်၊ ပလောင်ဒေသမှာ ဒီ့ထက်ကြောက်စရာတွေ အများကြီးရှိသေးတယ်။
အစ်မ အပျိုအရွယ် ညီမလေးတွေတွေ့တဲ့အခါ ဘိန်းစားတော့ မယူကြနဲ့နော်လို့ သတိပေးမိတယ်။ အဲ့ဒီအချိန်မျိုးမှာ သူတို့ ဘာပြန်ပြောသလဲသိလား။
“ဘိန်းစားမယူရင် ယူရမယ့် ယောက်ျား မရှိတော့ဘူး။ လူငယ်တိုင်းလိုလို ဘိန်းစားတွေ ဖြစ်ကုန်ကြပြီ အစ်မရဲ့” တဲ့။ ဘယ်လောက်ရင်နာစရာကောင်းတဲ့ စကားလဲ။
ညီမလေးကိုယ်တိုင် ပလောင်အမျိုးသမီးကလေး ဖ်ြစတေယ်ဆိုရင်ရော ဘယ်လိုဖြေမလဲ။ အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ ညီမလေးရယ်----
မူးယစ်ဆေးဝါးပြဿနာကြောင့် အစ်မတို့ အမျိုးသမီးတွေက ဒူးနဲ့ မျက်ရည် သုတ်နေကြရတယ်။
ရွာတိုင်းလိုလို ဘိန်းစားတွေချည်းဖြစ်တော့ အဲ့ဒီအမျိုးသမီးတွေက ဘယ်သူတွေကို ရင်ဖွင့်ပြောပြကြရတော့မှာလဲ။ သူတို့ဒုက္ခတွေအတွက် နှစ်သိမ့်ဆွေးနွေးပေးမယ့်သူလဲ ဘယ်သူမှမရှိကြတော့ဘူး။ မူးယစ်ဆေးဝါးကိစ္စဟာ ပလောင်ဒေသအတွက် အထူးသဖြင့် ပလောင်အမျိုးသမီးတွေအတွက် အထူးတလည်ကို ဆိုးရွာတဲ့ကိစ္စ ဖြစ်နေပါတယ်။
ဘိန်းပြဿနာကို မဖြေရှုးပေးနိုငသေးသရွေ့ တနေ့တခြားပိုဆိုးနေတဲ့ ပေလာင်ဒေသရဲ့ စီးပွားရေး၊ လူမှုရေး အရှုပ်အထွေးတွေကို ဘယ်လိုမှ တားလို့ဆီးလို့ ရနိုင်မှာ မဟုတ်တော့ဘူး။
(၃)
ဒီပြဿနာရဲ့ အဓိက တာဝန်ရှိသူဘယ်သူလဲ။
ဟုတ်လားညီမလေး--
တာဝန်အရှိဆုံးလူက နအဖစစ်အစိုးရပဲပေါ့ ညီမလေးရယ်---
တရုတ်နိုင်ငံကို ကျွန်ပြုချင်တော့ အင်္ဂလိပ်နယ်ချဲ့ဟာ တရုတ်နိုင်ငံကို ဘိန်းဇာတ်သွှုးခဲ့တာ သမိုင်းထဲမှာ ညီမလေး သင်ခဲ့ဖူးတယ် မဟုတ်လား။ တရုတ်တနိုင်ငံလုံး ဘိန်းစားတွေချည်းဖြစ်သွားပြီး သိပ်မတိုက်လိုက်ရဘဲနဲ့တောင် နယ်မြေတချို့ ဗြိတိသျှကို ကိုလိုနီဖ်ြစခဲ့ရတယ် မဟုတ်လား။
နယ်ချဲ့ထက်တောင်ဆိုးတဲ့ နအဖအစိုးရဟာ အစ်မတို့ ပလောင်ဒေသအပါအ၀င် တိုင်းရင်းသားဒေသ တော်တော်များများကို ဘိန်းဇာတ်သွင်းခဲ့တာပါ။ ယောက်ျားတွေက ဘိန်းစားဖြစ်၊ မိန်းမတွေက ဓါးစားခံဖြစ်ကြရပြီး အဲ့ဒီကတဆင့် နောက်ဆက်တွဲ ပြဿနာတွေအဖြစ် စီးပွားရေး၊ လူမှုရေးဒုက္ခတွေ အမျိုးမျိုးကြုံကြရတယ်။ အိပ်ခ်ျအိုင်ဗွီရောဂါဖြစ်တာ၊ လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်တာ စတဲ့ဒုက္ခတွေကိုပါ ဆက်တိုက်ခံကြရတာပါ။
ဒါတွေအားလုံးရဲ့ နောက်ဆုံးရလာဒ်ဟာ ပလောင်တမျိုးသားလုံး ပျောက်ဆုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်။ အနိမ့်ဆုံးအဆင့် ပညာရေးအဆင့်အတန်း၊ ကျန်းမာရေးအဆင့်အတန်း အရမ်းကိုနိမ့်ကျသွားတဲ့ အဖြစ်ဆိုးတွေရောက်သွားနိုင်တယ်။ အစ်မ အရမ်းစိုးရိမ်တယ် ညီမလေးရယ်---
အခုဆိုရင် အစ်မတို့ကို ရာသက်ပန် ဖိနှိပ်ထားနိုင်ဖို့ သူ့ရဲ့ အခြေခံ ဥပဒေဆိုတာကြီးကို ဇွတ်ပြဌာန်းပြီး စစ်အစိုးရက ဗိုကျချင်တိုင်း ဗိုလ်ကျဖို့ ဟန်ရေးတပြင်ပြင်လုပ်နေပြီ။ ညီမလေးလည်း သတိတယ်မဟုတ်လား။
အစ်မတို့ အဲ့ဒီအနေအထားတွေကို ပြောင်းလဲမပစ်နိုင်ဘူးဆိုရင် နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ကြာရင် အစ်မတို့ ပလောင်ဒေသ ဘာဖြစ်သွားနိုင်မလဲ။ ညီမလေး စဉ်းစားကြည့်စမ်းပါကွယ်။
ပြောရင်းတောင် မောသလိုဖြစ်လာတယ်။
ဒါပေမယ့် မောနေလို့လည်း မဖြစ်သေးဘူး
အားလုံးကို ပြောင်းလဲပစ်နိုင်အောင် အစ်မတို့ဒေသကို အစ်မတို့ကိုယ်တိုင် ပြောင်းလဲပစ်ပြီး အသစ်တည်ဆောက်နိုင်အောင် ကြိုးစားကြရဦးမယ်။
အစ်မတို့ ပလောင်ဒေသအကြောင်းကို အခုလို စိတ်ဝင်စားမေးတဲ့အတွက် ကျေးဇူးပဲ ညီမလေးရေ။
နောက်မှ ဒီ့ထက်ပိုဆိုးတဲ့ အကြောင်းအရာတွေကို ဆက်ပြီး ပြောကြသေးတာပေါ့။ ။
No comments:
Post a Comment