Saturday, March 14, 2009

နမ့်ဆန်သတို့သမီးခိုးယူနည်း

နှစ်ဘက်မိဘ မည်မျှပင် သဘောကျစေကာမူ၊ မင်္ဂလာမဆောင်မီ သတို့သမီးကို သတို့သားက ပထမ ခိုးယူရသော ထုံးစံရှိသည်။ သတို့သမီး ခိုးယူနည်းမှာ သတို့သားကိုယ်တိုင်သွား၍ မခိုးရဘဲ၊ သတိုးသားနှင့် ခင်မင်ရင်းနှီးသူ ကာလသား၊ ကာလသမီး (၄-၅) ယောက်ကို လွတ်ပြီးခိုးယူရသည်။ သတို့သမီးသည် ချစ်သူ သတို့သားနောက်သို့ လိုက်ရန် အသင့်ဖြစ်သောအခါ မိဘများအား အသိပေးသည့်အနေဖြင့် ခြင်းကလေးတခုအတွင်း “တွယ်” ကွမ်းသီးတောင့် ကွမ်းစားဆေး (ဓါးလှီးဆေး) ရှားစေးနှင့် ကွမ်းသီးစိတ် အနည်းငယ်ကိုထည့်ပြီး မိဘ (သို့) အုပ်ထိန်းသူတဦးဦး အိပ်ရာမှနိုးလျှင် ချက်ခြင်းတွေ့မြင်လောက်သည့် နေရာတွင် ချထားလေ့ရှိသည်။ ၄င်းခြင်းကလေးနှင့်အတူ မိဘနှစ်ပါးအား ကန်တော့ပန်းအဖြစ် ပန်းတစ်မျိုးမျိုးနှင့် သတို့သား၏ အင်အားအလျောက် မိဘကို ကန်တော့ကြေးငွေအဖြစ် ပူးတွဲချထားလေ့ရှိကြပါသည်။ ထိုသို့ချထားပြီး လာရောက်ခိုးသူ ကာလသားနှင့် ကာလသမီးတို့ သတို့သားအိမ်သို့ လိုက်သွားရရိုး ထုံးစံရှိပေသည်။

(ပလောင်ကျေးလက်ဒေသ၌ အပျိုတိုင်းလိုလို ခြင်းကြားငယ်ကလေးများကို ဆောင်ထားလေ့ရှိကြသည်။ ၄င်းခြင်းကလေးများကို မြက်တမျိုးဖြင့် နေ့ကောင်းရက်သာတွင် ရက်လုပ်လေ့ရှိသည်။ အရွယ်မှာ လက်သန်းခန့် ရှည်လျားလျားဖြစ်သည်။)

သတို့သမီး ရောက်လာသော်လည်း သတို့သားက ဆိုင်ရုံသာဆိုင်ပြီး မပိုင်သေးပေ။ သတို့သမီးက ခိုးပေးသူ အပျိုဖော်များနှင့်အတူ အခန်းတခန်းမှာ အိပ်ရပြီး သတို့သားက ခိုးပေးသူ လူပျိုလေးများနှင့်အတူ အပြင်ခန်းမှာ အိပ်ရသည်။

သတို့သမီး လူကြီးမိဘများ အိပ်ရာမှ နိုးသောအခါ၊ ခြင်းကြားရှည်ကလေးနှင့် ပန်း၊ ငွေတို့ကို တွေ့မြင်လျှင် မိမိတို့သမီး ချစ်သူနောက် လိုက်သွားကြောင်းကိုသိကြသည်။

အကယ်၍ ၄င်းပစ္စည်းများ မတွေ့လျှင် မိမိတို့သမီးအား မသူတော် အဓမ္မသား လူဆိုးများခေါ်ဆောင်သွားလေမည်လား (သို့) တောရဲကျားသစ်များ ချီဆောင်သွားလေသလားဟု စိုးရိမ်မကင်းဖြစ်ကာ ဆိုင်ရာ အကြီးအကဲတို့ကို တိုင်ကြားခြင်းပြုကြသည်။ သက်ဆိုင်ရာတို့ကလည်း လူပျောက်ကို ရှာဖွေကြရသည်။

သတိုသားအိမ်တွင် လူပျို၊ အပျိုတို့ ပျော်ပျော်ပါးပါးနှင့် စုရုံးစားသောက်နေကြသည်မှာ အလှူကလေး သဖွယ်ဖြစ်နေ၏။ သတို့သားနှင့် သတိုးသမီးတို့အား အုပ်ထိန်းသူ လူကြီးမိဘများ ဆုံရာရှေ့တွင် လက်ထပ်ထိမ်းမြားပေးမှု မရှိသေးသောကြောင့် မြင်ရုံသာမြင်ရ မကြင်ရတဲ့ဘ၀နှင့်ပင် နေရသေးသည်။

သတို့သမီး မိဘများက တစ်ရက်၊ နှစ်ရက်ကြာသောအခါ သတို့သမီးကို အိမ်သို့ပြန်၍ခေါ်သွားကြသည်။ သတို့သားဘက်မှ အဖော်များကလည်း ဒုတိယကြိမ် ပြန်၍ ခိုးယူရပြန်သည်။ သတို့သမီးဘက်ကလည်း တစ်ရက်၊ နှစ်ရက်ကြာလျှင် ပြန်ခေါ်ကြ ပြန်သည်။ သတို့သားဘက်ကလည်း တတိယအကြိမ် ပြန်ခိုးယူရပြန်သည်။ ဒုတိယ၊ တတိယ ခိုးယူသောအကြိမ်များ၌ ခြင်းကြားရှည်ကလေးနှင့် ပန်း၊ ငွေတို့ကို မထားရတော့ပေ။

သတို့သမီးဘက်က အကြိမ်ကြိမ်ပြန်ခေါ်ယူကြသည်မှာ သတို့သားနှင့် သဘောမတူ၍ မဟုတ်ပေ။ မိမိတို့သမီးကလေးကို ချစ်လွန်းလှ၍ အိမ်ထောင်မပြုစေလိုသေးသော သဘောရသည်ဟု ယူဆကြသည်။ ဤဓလေ့ထုံးတမ်းမှာ မြို့ကြီးအရပ်ကြီးများ၌ ပပျောက်လုနီးပြီးဟု ဆိုကြသည်။

သုံးကြိမ်လောက် အပြန်လှန်ခိုးယူပြီးမှ “ တာကျိုက်” မင်္ဂလာဆောင်အခမ်းအနားခေါင်းဆောင်လုပ်သူကို သတို့သမီးကလေး မိဘများထံလွတ်ပြီး မင်္ဂလာဆောင်နှင်းရန်ကိစ္စ စီမံကြရသည်။ သတို့သမီး မိဘများက သတို့သား အဆင့်အတန်း၊ မျိုးရိုး၊ ဂုဏ်သိက္ခာ၊ အခြေအနေကိုကြည့်ပြီး သင့်တော်သော ခန်းဝင်ပစ္စည်းများကို တင်စေသည်။

တန်ဆောင်မုန်းလ၊ တပို့တွဲလ၊ တပေါင်းလ၊ နယုန်လ၊ လေးလကိုသာ လက်ထပ် မင်္ဂလာဆောင်ပြုကောင်းသော လအဖြစ်သတ်မှတ်ထားကြသည်။ ကျန် ၈ လကို ရှောင်ကြဉ်ကြသည်။ သို့သော် အရေးကြီးသလို၊ အကြောင်းပေါ်လာလျှင် လောကီပညာ ကျွမ်းကျင်သော ပုဂ္ဂိုလ်များက အသေးစိတ် နေ့ကောင်းရက်သာ အချိန် မင်္ဂလာကို စီစစ်ရွေးထုတ်ကာ လက်ထပ်ပေးတတ်ကြပေသည်။

မယ်တို့ပလောင်စာအုပ်မှ ကိုးကားထားပါသည်။

ဆက်ရန်ရှိသည်။
Read more...

No comments:

Post a Comment