Monday, March 16, 2009

စစ်ဖိနပ်အောက်က ရွှေလီမြစ်


(၁)

ညီမလေးက ကျမကို ပလောင်အကြောင်း ထပ်မံပြောပြဖို့ ပူဆာတယ်ဆိုတော့ ဘာအကြောင်းတွေ ပြောရမလဲလို့ (၄-၅) ညလောက် စဉ်းစားလိုက်ရတယ်။ ပလောင်အကြောင်းတွေ မရိုးနိုင်အောင် စိတ်ဝင်စား စရာကောင်းမယ့် အကြောင်းအရာတွေနဲ့ ညီမလေးကို ပြောပြချင်နေတာပါ။ စစ်ဖိနပ်အောက်က ရွှေလီမြစ်ပလောင်လူငယ်က ထုတ်ချိသွားခဲ့တဲ့ အစီရင်ခံစာအကြောင်းကို မျက်စိထဲမှာ မြင်ယောင်လာတယ်။ စစ်ဖိနပ်အောက် ရွှေလီမြစ်လို့ ပြောလိုက်ရင် ညီမလေးက ရွှေလီမြစ်က ဘာဖြစ်လို့ စစ်ဖိနပ်အောက်မှာ ရောက်သွားသလဲလို့ စဉ်းစားကောင်း စဉ်းစားမိမယ်။ တကယ်လဲ ဟုတ်ပါတယ်။ လက်တွေ့ဘ၀မှာ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တခုဆိုသလို ပလောင်ပြည်သူတွေ လက်တွေ့ဘ၀မှာ ခံစားနေရတဲ့ ဒုက္ခပင်လယ်ကြီးတခုပါ။


(၂)

ညီမလေးရေ------

ပထမဦးဆုံး ရွှေလီမြစ်အကြောင်းကို ပြောပြမယ်နော်။ ရွှေလီမြစ်ဆိုတာ ကျမတို့ ပလောင်ပြည်သူလူထုတွေရဲ့ ဘ၀တလျှောက်လုံး အေးအေးချမ်းချမ်းနေနိုင်အောင် ပံ့ပိုးပေးနေတဲ့ ပင်မအရင်းအမြစ်ကြီးတခုဖြစ်ပါတယ်။ ဒါ့အပြင် ပလောင်ပြည်သူတွေ့ရဲ့ သောက်သုံးလို့ ဘယ်တော့မှအခါမှ မကုန်ခမ်းနိုင်တဲ့ မြစ်တခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ပလောင်သမိုင်းတလျှောက်လုံးမှာ အမြစ်တနိုး တန်ဖိုးထားရတဲ့ မြစ်တခုဖြစ်သလို ကျမတို့ရဲ့ အသက်သွေးကြော စီးဆင်းတဲ့ နေရာတခုလဲဖြစ်တယ်ဆိုပြီး ပလောင်သီးချင်ထဲမှာတောင် သီးကုံးပြီး ဖွဲ့ဆိုထားတယ်။


စီးဆင်းနေတဲ့ ရွှေလီမြစ်ကြီး

ရွှေလီမြစ်ရေ

ပလောင်ဒေသတလျှောက်လုံးကို စီးဆင်းလာသတဲ့

တောင်တန်း၊ တောင်စွယ်နဲ့ ၀ိုင်းရံပြီး မြစ်ဖျားခံ

တောင်တန်းကြီးနဲ့ မြစ်ဖျားခံပြီး ရပ်တည်ထားခြင်းမဟုတ်။


ရွှေလီမြစ်ရေဟာ----

တောင်ဆောင်း (ဆင်ခြေလျှော) တလျှောက် စီးဆင်းသတဲ့


ရွှေလီမြစ်ရေဟာ---

တအာင်းတွေရဲ့မြို့ ရွာကို ငြိမ်းချမ်းသာယာစေပြီး

ကျွန်ုပ်တို့ရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုကို ထိန်းသိမ်းပေးခဲ့

ကျွန်ုပ်တို့ရဲ့ စားဝတ်နေရေးကို တိုးတက်မြင့်မားလာအောင် ဖန်ဆင်းပေးတဲ့ ရွှေလီမြစ်ရေ


အို---ရွှေလီမြစ်ရေ

အသင်ဟာ တအာင်းလူမျိုးရဲ့

အသက်သွေးကြော် စတင်စီးဆင်းပြန့်ပွားလာအောင်လုပ်ပေးတဲ့

ပင်မအရင်းအမြစ်ကြီးတခုပေ။


ရွှေလီမြစ်ရေ----

တအာင်းမျိုးမပျောက်အောင် ထိန်းသိမ်းသလို

ကျွန်ုပ်တို့ စာပေ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းသွားရမှာပေါ့


ရွှေလီမြစ်ရေးကြီးရေ---

ကမ္ဘာတည်သရွေ့ ကျွန်ုပ်တို့ ပလောင်လူမျိုးအတွက်

ဘယ်တော့မှ မခမ်းခြောက်စတမ်းရဲ့


ဒီသီချင်းအတိုင်းပဲ ကျမတို့ ပလောင်လူမျိုးတွေဟာ ရွှေလီမြစ်ရေကို အမှီတဟဲပြုပြီး လုပ်ကိုင်စားသောက်ကြပြီး ကျမတို့ပလောင်တွေရဲ့ အသက်သွေးကြော ပင်မအရင်းအမြစ်ဖြစ်တယ်။ ဒါပေမယ့် ညီမလေးရေ ရွှေလီမြစ်ရေဟာ လူတွေရဲ့ လောဘရမက်ကြောင့် မကြာခင်ဘဲ ပျောက်ကွယ်ပြီး ခမ်းခြောက်သွားတော့မယ်။


ညီမလေးရေ

အရင်တုန်းက ရွှေလီမြစ်ကြီး ညနေဆည်းဆာ တေးသီချင်းသံတွေ တွန်းကျုးပြီး လူတွေကို အိပ်ပျော်သွားအောင် သူက နှစ်သိမ့်ပေးသတဲ့ အခုတော့ ညီမလေးရယ် ရွှေလီမြစ်ကြီးဟာ တစုံတရာကို ကြောက်လှန့်ပြီး ညဆည်းဆာချိန်မှာ တေးသီချင်းသံတွင် မကြားရတော့ဘဲ တိတ်ဆိတ်လို့ ဆိတ်သုန်းကုန်ပြီ


ကျမ တယောက်ထဲ ပြောနေတာ မဟုတ်ဘူးနော်။ ရွှေလီမြစ်နံဘေးမှာ လုပ်ကိုင်စားသောက်နေတဲ့ ပလောင် အဘိုးတယောက်ရဲ့ ရင်ဖွင့်သံဖြစ်သလို ကျမကိုယ်တိုင်လဲ ရွှေလီမြစ်ရဲ့ အရသာကို ခံစားခဲ့ဖူးသူပါ။ ဘာဖြစ်လို့ ရွှေလီမြစ်ကြီးဟာ ကြောက်လှန့်ပြီး တေးသီချင်းသံတွေ မဆိုရသလဲလို့ ညီမလေး စိတ်ဝင်စားမယ်ထင်တယ်။


၂၀၀၀ခုနှစ်ကတည်းက နအဖ (ခမရ ၁၄၄) တွေက မန်တပ်ကျေးရွာမှာ စစ်တပ်အင်အား ၃၀၀ယောက် အခြေလာချကြတယ်။ အခြေလာချတယ်ဆိုတာ ရိုးရိုးသာသာနဲ့ မဟုတ်ပါဘူး။


လျှပ်စစ်ဓါတ်အားစက်ရုံတည်ဆောက်ဖို့ ဖြစ်ပါတယ်။ တပ်တွေ ၃၀၀လောက်ရောက်လာပြီးဆိုရင် ရွာမှာ ဘယ်လိုဖြစ်မလဲ ညီမလေးထင်လဲ။ ဒီစစ်တပ်တွေကို အုပ်ချုပ်တဲ့ခေါင်းဆောင်တွေဟာ ကျမတို့နိုင်ငံကို မတရားသော နည်းလမ်းနဲ့ အုပ်ချုပ်ခဲ့သူတွေဖြစ်တယ်။ ကျမတို့ကို သူတို့ ဘယ်လိုလာအုပ်ချုပ်မလဲဆိုတာ ညီမလေး တွေးမိမှာပါ။


ပြီးတော့ ညီမလေးရေ-----

လျှပ်စစ်ဓါတ်အားစက်ရုံ တည်ဆောက်ပြီးနောက်ပိုင်းမှာ ဆိုးကျိုးတွေ အများကြီးရှိလာတယ်။ ရေကာတာ တည်ဆောက်ခြင်းအားဖြင့် ကျမတို့ ပြည်သူတွေအတွက်ပဲလို့ နအဖ ပြောတတ်တဲ့ စကားလုံးတွေဟာ ကျမတို့ဆီမှ အဲလိုမျိုး အခွင့်အရေးမျိုးကို တကြိမ်တခါမှ မရရှိဖူးဘူး။ ရေအားလျှပ်စစ် မရခင် ကျမတို့ ပလောင်ပြည်သူလူထုတွေဟာ ဆိုးကျိုးထောင်ပေါင်းများစွာ ခံစားနေရတယ်။


ပထမဦးဆုံး ပလောင်ဒေသကို နအဖစစ်တပ်တွေ ရောက်လာပြီးဆိုရင် ကျမတို့ ပလောင်ယဉ်ကျေးမှုအဖွဲ့ကိုခေါ်ပြီး သူတို့ကို ပလောင်ရိုးရာဝတ်စုံနဲ့ အိုးစည်ဗုံမောင်းတို့နဲ့ ဧည့်ကြိုပေးရတယ်။ လူတွေ အလုပ်အားပေး မအားလားဆိုတာကို မေးမြန်းစရာမလိုတော့ဘဲ လူကြီးကို တအိမ်တယောက် ကြိုဆိုခိုင်းတယ်။ ဧည့်ခံကြိုဆိုပွဲ လုပ်ရမယ်ဆိုတဲ့ အထက်ကအမိန့်ဆိုရင် ကျမတို့ လက်အောက်ခံလူတွေက ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ ဒါ မဏာမအနေနဲ့ပဲ ရှိသေးတယ်။


(၄)

အင်း--

ရေကာတာ တည်ဆောက်မယ်ဆိုရင် ပထဦးဆုံး တည်ဆောက်မဲ့ မြေကွက်တွေ လိုအပ်တယ် ညီမလေး။ နအဖစစ်တပ် ရေကာတည်ဆောက်မဲ့နေရာဟာ ကျမတို့ ဘိုးဘွားပိုင် တောတောင်ရေမြေ၊ လက်ဖက်ခင်း တွေဖြစ်ပါတယ်။ ကျမတို့ ပလောင်ပြည်သူထု လျှက်စစ်မီးရဖို့တော့ မဟုတ်ပါဘူးကွယ်။


ကျမတို့ ပလောင်လူထု မှီခိုအားထားပြီး လုပ်ကိုင်စားသုံးတဲ့ တောင်ယာ၊ လက်ယာ၊ လက်ဖက်ခြံ၊ တောတောင်တွေကို အများကြီး ပေးဆပ်လိုက်ရပါတယ်။ ဒါတွေမကပါဘူး။ လမ်းဖောက်ဖို့အတွက်ဆိုပြီးလဲ မြေ၊ လက်ဖက်ခြံ၊ တောင်ယာတွေကို သိမ်းပိုက်ခဲ့တယ်၊ ကျေးရွာပေါင်း (၈၀)ကျော်ရှိပြီး မြေဧကပေါင်း (၁၀၀)ကျော်လောက် မြေသိမ်းဆည်းခံရပါတယ် ညီမလေးရယ်။ နယ်မြေသိမ်းဆည်းပြီး ရေကာတည်ဆောက်မှု၊ ကားလမ်းဖောက်လုပ်ခြင်းတို့သာမကဘဲ သူတို့ရဲ့ စစ်လေ့ကျင့်တဲ့ နေရာဖြစ်နေတယ်။ ကျမတို့ရွာသားတွေဟာ တရက်စောင့်လဲမရ၊ တလလဲမရ၊ တနှစ်လဲမရခဲ့ပါဘူး။ တောင်ယာ၊ လက်ဖက်ခြံ ဆုံးရှုံးသွားတဲ့ ရွာသားတွေဟာ ဘာသွားလုပ်စားတော့မှာလဲ။ သူများဆီမှာ နေ့စားအားသွားရတော့တာပေါ့။ တခါတလေ နအဖက လ်ုပအားလိုပြီး ဈေးနှုန်းပေါပေါနဲ့ သူတို့ကို ခေါ်ယူထားတယ်။ ရွာသားတဦး ဘယ်လို ပြောထားလဲ ညီမလေး ဖတ်ရှုပါ။


ရေကာတာ တည်ဆောက်ရေး လုပ်ငန်းနေရာလာချတော့ စပါးခင်းတွေ ပျက်စီးကုန်တယ်။ ခမရ ၁၄၄ စစ်သားက ကျနော် အိမ်လာပါတယ်။ ကျနော် ပိုင်ဆိုင်သော လယ်ကို ဖြတ်ပြီး လမ်းဖောက်ချင်တယ်တဲ့။ ကျနော်ကို မြေတန်ဖိုးပေးမယ် ပြောပြီး လမ်းလဲဖောက်ပြီးရော၊ ကျနော်ဆီ ပိုက်ဆံလဲ မပေးဘူး။ သူတို့ ကျနော်မြေကို လာမသိမ်းခင်တုန်းက ဆန်စပါး ၀ယ်စရာလည်း မလိုဘူး။ နှစ်စသ် မိသားစု စားဝတ်နေရေး ဖူးလုံမှုရှိတယ်။ အခုတော့ဗျာ” ဒါတကယ်နော် ညီမလေး---------------


ကျနော်တို့ရွာက မြေသဘာဝအရဆိုရင် အလွန်လှတယ်။ အခု စစ်တပ်ရောက်လာပြီးတော့ နောက်ပိုင်းမှာ သဘာဝအလှအပတွေလည်း ပျက်စီးကုန်ပါပြီ။ တောင်ကုန်းတွေလည်း တောင်ကတုံး ဖြစ်ကုန်ပြီး အခုတော့ ကျန်တာဆိုလို့ အစိမ်းရောင် စစ်ယူနီဖောင်းတွေပဲ ရှိတော့တယ်။ ဤစီမံချက်ပြီးလို့ရှိရင် သေချာတဲ့ အချက်ကတော့ နောက်ထပ် အစိမ်းရောင် ယူနီဖောင်တွေ ရောက်လာကြဦးမယ်” ဒါတွေဟာ ရေကာတာ တည်ဆောက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့ ညီမလေးရယ်-------


(၅)

နောက်ဆက်တွဲ ပြဿနာက မပြီးဆုံးသွားပါဘူး ညီမလေးရေ-----

ရွာသားများ လယ်မြေဆုံးရှုံးမှုကြောင့် အလုပ်လက်မဲ့များဖြစ်ပြီး မိသားစု ဘ၀ရပ်တည်ရေးကို ရုန်းကန်ရှာဖွေနေရတယ်။ ဒုက္ခပင်လယ်နှင့် ကြုံတွေ့နေရတဲ့ ပလောင်လူမျိုးတွေအတွက် ညီမလေးပဲ စဉ်းစားကြည့်ပါ။ ဘယ်လိုနေထိုင်၊ လုပ်ကိုင်စားသောက်ကြမလဲ၊ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေဖို့ စဉ်းစားပြီး ကလေးတွေ့ရဲ့ ပညာရေးကို လျစ်လျူရှုခဲ့တယ်။ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘူး။ စားဝတ်နေရေးက ပညာထက် အရေးကြီးနေတယ် ဗိုက်ပြည့်မှ အသက်ရှင်မှုဖ်ြစတယ်လေ။ ပြည်သူတဦး ဘာပြောလဲဆိုတော့

ရွှေလီရေအားလျှပ်စစ်စီမံကိန်း မဆောက်လုပ်ခင်တုန်းကဆိုရင် စာသင်ကျော်းက ၀ါးအကာနှင့်သာဖြစ် နေသော်လည်း ကလေးတွေက ကျောင်းတက်နိုင်ပါတယ်။ အခုတော့ အုတ်ခဲနှင့် ကျောင်းဆောက်ခဲ့သော်လည်း မိဘများက စားဝတ်နေရေးကြောင့် ကလေးကို ကျောင်းမထားနိုင်ခဲ့ပါ”


“သတင်းသမားတွေက ကျမတို့ကို မေးလာခဲ့တယ်။ တကယ်လို့များ မင်းတို့ကို လျှော်ကြေးပေးမယ်ဆိုရင် ဘယ်လောက် လျှော်ကြေးလိုချင်သလဲပေါ့။ ဒီရေကာတာ တည်ဆောက်ခြင်းဟာ ပြည်သူလူထုတွေအတွက်ပဲ မဟုတ်လား


ညီမလေးပဲ စဉ်းစားကြည့်ပါ။ လူဆိုတာ ကိုယ့်ပစ္စည်းကို လုယူသွားတဲ့ လူတွေထံ လျော်ကြေးမလိုချင်ဘဲ နေပါ့မလာပေါ့။ နအဖစစ်တပ်တွေက နယ်မြေသိမ်းဆည်းတော့ ဘယ်မှာ သွားတိုင်းရမလဲပေါ့။ လျော်ကြေးဆိုတာ ပစ္စည်းအတိုင်းအတာတခုပေါ့။ လျော်ကြေးတာ ရရှိခဲ့ရင်တောင် သူတို့ရဲ့ ဘ၀ဟာ သုညကနေ ပြန်စရတဲ့ ဘ၀ဖြစ်ပါတယ်။ ဘိုးဘွားပိုင်ဆိုင်ထားသော ပစ္စည်းတွေက တနှစ်ထဲ ပြုစုပျိုးထောင်တာနဲ့ စားသုံးလိုရတဲ့အရာ မဟုတ်ပါဘူး။ (၅-၁၀) နှစ် ပြုစုပျိုးထောင်မှသာလျှင် စားသုံးလို့ရတယ်။ ဒါပေမယ့် လျော်ကြေးဟာ အိပ်မက်မှာပဲ ရှိပါတယ်။


(၆)

ဒါတွေ မကသေးပါဘူး ညီမလေးရေ---

ရေကာတာဆောက်လုပ်မယ်ဆိုရင် လူအင်အားလိုတယ်မဟုတ်လား။ သူတို့ ၀န်ထမ်းတွေ သတ်သတ်ဆိုရင် လုံလောက်မှုရှိမှာ မဟုတ်ပါဘူး။ နအဖ စစ်တပ်တွေ ရေးဆွဲထားတဲ့ စီမံကိန်းတိုင်းမှာ ပြည်သူအားတွေ မပါဘူးဆိုရင် ဘယ်တော့မှ မပြီးဘူး။ ပြည်သူလူထုကို အသုံးပြုမယ်ဆိုရင် ပိုက်ဆံပေးစရာမလိုဘူး။ တစ်ရက်ကို လူ (၂၀)လောက် လုပ်အားပေးကြရပါတယ်။ ရေကာတာ ဆောက်လုပ်ခြင်းဟာ ကျနော်တို့ စစ်တပ်တွေအတွက် မဟုတ်ပါဘူး။ ခင်များတို့ ပြည်သူတွေ ကောင်းစားဖို့အတွက် လုပ်ပေးခြင်းဖြစ်တယ်ဆိုတော့ ၀ိုင်းဝန်ပြီး လုပ်ဆောင်ပေးကြပါဆိုတဲ့ အသံဆိုရင် ကျမတို့ လူထုတွေဟာ ဘာမှ မပြောဆိုနိုင်ဘူးပေါ့။ နောက်ဆက်တွဲက လုပ်အားပေး မသွားနိုင်တဲ့ အိမ်ဆိုရင် ဒဏ်ငွေ ဘယ်လောက်လည်းဆိုတာ ဖြစ်လာပါတယ်။


ကျမတို့ ပြည်သူလူထုကို အဲလောက်နဲ့ နှိပ်စက်တာ မပြီးသေးပါဘူး။ သူတို့ လမ်းဖောက်တဲ့အချိန်မှာဆိုရင် ကျမတို့ လူထုကို ခေါ်ပြီး ရိက္ခာများကို ပို့ခိုင်းတယ်။ လူထုကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်။ အိမ်မှာ မြင်းတွေ ခေးဆောင်သွားတယ်။ တချို့မြင်းတွေ ကျန်းမာရေးမကောင်းတာ မြင်းသေတာရှိတယ်။ ဆုံးရှုံးတဲ့ မြင်းတွေ သူတို့ လျော်ကြေး ပြန်မပေးဘူး။ လူအင်အား စိုက်ရသလို အိမ်မှာရှိထားတဲ့ မြင်းတွေလည်း အသုံးပြုနေတယ်။ တရားမျှတမှု ရှိသလားပေါ့။ ကျမတို့ နိုင်ငံဘယ်လောက်အခြေအနေဆိုးသလဲဆိုတာ ညီမလေးပဲ စဉ်းစားကြည့်ပါ။


ညီမလေးရယ်--

ကျမတို့ တနေ့လုပ်မှ တနေ့စားရတဲ့ လူထုတွေဟာ ကိုယ့်လုပ်ငန်းကိုပစ်ပြီး အရေးကြီးသော စစ်တပ်ရဲ့ လုပ်ငန်းကို ဦးစားပေးပြီး လုပ်ဆောင်ရပါတယ်။ ဘာဖြစ်လို့ဆိုတော့ လက်နက် အားကိုးမှုနဲ့ ကျမတို့ လူထုကို ခြိမ်းခြောက်ပြီး သြဇာပေးနေတယ်လေ။ ဒါကြောင့် ကျောင်းတက်နေတဲ့ သားသမီးကို ကျောင်းတရက်လောက်ပျက်ခိုင်းပြီး လုပ်အားပေးကို သွားခိုင်းရတယ်။ မိဘတွေက စားဝတ်နေရေး ပြေလည်ဖို့အတွက် တခြား ဆတ်ပေးနိုင်တဲ့ အိမ်ကို အလုပ်သွားလုပ်နေရတယ်။ သူတို့ဘ၀လေးတွေဟာ အရမ်းကို သနားစရာကောင်းပါတယ်။


(၇)

ဒါနဲ့ အရေးကြီးဆုံးအချက် ရှိသေးတယ်။ ကျမတို့ မိန်းမသားတွေရဲ့ ဘ၀ကိုပေါ့။ စစ်တပ်တွေ ရွာနား တပ်စခန်းလာရောက် အခြေချပြီးနောက်ပိုင်းမှာ မိန်းမသားတွေအတွက် လုံခြုံရေး မရှိတော့ဘူး။ တရားစိုးမိုးရေး ဥပဒေမရှိတဲ့ နအဖစစ်တပ်တွေအတွက်တော့ လက်နက်အားကိုးမှုနဲ့ ကျမတို့ မိန်းမသားတွေကို ရိကပါး၊ ထိကပါးတွေ လာလုပ်တယ်။ တောင်ယာ၊ လက်ဖက်ခင်း၊ တောင်ယာတွေမှာ စစ်တပ် စခန်းတွေပဲလေ။ မိန်းမသားတွေဟာ ကြောက်ပြီး တယောက်ထဲ တော်ထွက်တာ မလုပ်ရဲကြတော့ပါဘူး။ လူထုတယောက်ရဲ့ ရင်ဖွင့်သံကို နားဆင်ကြည့်ပါ။


အရင်တုန်းက ကျေးရွာလုံခြုံရေးက ကောင်းနေသာပဲ။ ရွာမှာ ဘယ်စစ်သားမှလည်း မရှိဘူး။ ဒါပေမယ့် ဆည်တည်ဆောက်ရေးစီမံချက်ချက်လည်း ချလာရော စစ်သားတွေရောက်လာကြတယ်။ နောက်ပိုင်းမှာ ရွာလုံခြုံရေးက အားလုံး ပြောင်းလဲသွားတော့တာပဲ။


ဒီကိစ္စနဲ့ မပြီးမြောက်သွားပါဘူး။ သူတို့ နှစ်သက်တဲ့ အမျိုးသမီးတွေရှိတယ်ဆိုရင် မိဘတွေစီတင်တောင်းသလိုနဲ့ ငွေ (၃၀၀၀၀) ကျပ်ပေးပြီး လက်ထပ်လိုက်တယ်။ မိဘတွေက စစ်တပ်တွေကြောက်ပြီး ကိုယ်သမီးနဲ့ ပေးစာလိုက်တာပဲ။ ၂၀၀၀ခုနှစ်မှ ၂၀၀၇ခုနှစ်အထိတော့ အမျိုးသမီး အယောက် (၂၀)ကျော်လောက်ရှိပါပြီ။ ရွာက ကွမ်းတောင်ကိုင်တွေ သတိထားပြီး နေပေးရတယ်။ ပိုက်ဆံ နည်းနည်းပါးပါး ရှိထားတဲ့ အိမ်ခြေဆိုရင် ကိုယ့်သမီးကို မြို့ပေါ်မှာပဲ သွားထားတယ်။ မိန်းမသားတယောက်ကို ကျပ်ငွေ (သုံးသောင်း)နဲ့ တန်ဖိုးဖြတ်ပြီး လက်ထပ်ခံရတဲ့ အမျိုးသမီး ဘ၀ဟာ အရမ်းကို သနားစရာကောင်းပါတယ်။ အချစ်မပါသော အိမ်ထောင်ရေား ရေရှည်ကို တည်ဆောက်ဖို့ မလွယ်တဲ့အလုပ်တခုဖြစ်ပါတယ်။


(၈)

ဘယ်လိုလဲ ညီမလေး မျက်စိလည်သွားပြီးလား------

အင်း ဒီလို ဆိုးကျိုးတွေ အများကြီး ဖြစ်တာတောင်မှ နအဖ စစ်တပ်တွေက ပြည်သူလူထုကို နည်းနည်းမှ ငဲ့ညာမှုမှရှိဘဲ နောက်ထပ် ရေကာတာ (၂)ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်။ ကျမတို့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ရေကာတာဟာ ထပ်မံဆောက်လုပ်မယ်ဆိုရင် ကျမတို့ ပြည်သူလူထုဟာ ထပ်မံပြီး ဆိုးကျိုးပေါင်းများစွာ ခံစားရဦးမယ်။


ညီမလေးရေ---

ကျမတို့က ဘယ်သူစီကို သွားပြီး အမှုသွားဖွင့်ရလဲပေါ့။ တရားဥပဒေစိုးမိုးရေးမရှိတဲ့ နိုင်ငံအတွက် နိုင်ငံတကာကို ရင်ဖွင့်ပြီး ကျမတို့ ဒုက္ခပင်လယ်ကို မျှဝေခံစားပြီး နအဖစစ်တပ်နဲ့ တရုတ်အစိုးရကို ရေကာတာ ထပ်မတည်ဆောက်ဖို့ တားမြစ်ပေးပါလို့ တောင်းဆိုပါရစေ။ ရေကာတာ (၁) တည်ဆောက်ပြီးနောက်ပိုင်းမှာ ကျမတို့ ပလောင်ပြည်သူလူထု နယ်မြေသိမ်းဆည်းမှု၊ အတင်းအဓမ္မ စေခိုင်းမှု၊ ပေါ်တာဆွဲမှု၊ တပ်စခန်းပေါင်းများစွာ ချထားခြင်းအားဖြင့် ကျမတို့ ပြည်သူလူထု လုံခြုံရေးမရှိခြင်းကြောင့် (၂) (၃) ကို မတည်ဆောက်ဖို့အတွက် ကျမတို့ကို ကူညီစောင့်ရှောက်ပါလို့ ထပ်မံပြီး တောင်းပါရစေ။


မှတ်ချက်။ ။ ပလောင်လူငယ်ထုတ်ချိသွားသော စစ်ဖိနပ်အောက်က ရွှေလီမြစ် အစီရင်ခံစာပေါ်တွင် ကိုးကားပြီး ရေးထားပါသည်။


၁၈၊ ၁၂၊ ၂၀၀၇
















ရေကာတာ တည်ဆောက်မည့်နေရာပုံ

















ပေါ်တာဆွဲခေါ်ခံရသည့် မန်တပ်ပြည်သူလူထုများပုံ
















ခမရ (၁၄၄) မန်တပ်ကျေးရွာတွင် စစ်ရေးလေ့ကျင့်ပုံ















လုပ်အားပေးသူနှင့် စစ်သားများပုံ














ပေါ်တာဆွဲခံရသော မြင်း သေဆုံးခြင်းပုံ















မန်တပ်ကျေးရွာကို ပျက်စီးသည့်ပုံုံ














ခမရ (၁၄၄) စစ်ရေး လေ့ကျင့်သည့်ပုံ














ရေကာတာ တည်ဆောက်သည့်ပုံ

Read more...

No comments:

Post a Comment